ရန်ပြေမာရ်ပြေဘုရားဌာပနာပိတ်ပွဲ ကိုဗစ်ကြောင့် ညပိုင်းဂီတဖျော်ဖြေရေးအစီအစဥ် ဖျက်သိမ်း

ရန်ပြေမာရ်ပြေဘုရားဌာပနာပိတ်ပွဲ ကိုဗစ်ကြောင့် ညပိုင်းဂီတဖျော်ဖြေရေးအစီအစဥ် ဖျက်သိမ်း

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရန်ပြေမာရ်ပြေဘုရားဌာပနာပိတ်ပွဲတွင် ညပွဲအဖြစ်ထည့်သွင်းကျင်းပရန်စီစဉ်ထားသည့် ဂီတဖျော်ဖြေပွဲကို ကိုဗစ်ကြောင့် ဖျက်သိမ်းလိုက်ပြီဟု သိရသည်။

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးရှိသူ ထပ်တွေ့လာနေသည့်အတွက် အဆိုပါဂီတဖျော်ဖြေကိုထည့်သွင်းမကျင်းပရန် ဘုရားကိုဦးဆောင်တည်ထားသည့် အဓိဋ္ဌာန်ဆရာတော်ဘုရားကြီး၏လမ်းညွှန်မှုကြောင့် ယခုကဲသို့ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု ရန်ပြေမာရ်ပြေဘုရားတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်က နိရဥ္စရာ ကိုပြောသည်။

"အခုကိုဗစ်က ပြန်တွေ့လာတယ်ဆိုတော့ ဆရာတော်ကြီးက ဒီပွဲကိုမလုပ်နဲ့တော့လို့ တကာ၊ တကာမတွေကို ပြောပါတယ်။ အဲ့ဒါကြောင့် ဂီတဖျော်ဖြေပွဲမကျင်းပဖြစ်တော့ဘူး"ဟု ပြောသည်။

လက်ရှိ ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ဇန်နဝါရီလ ၁၁ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၅,၂၂၃ ဦးနှင့် သေဆုံးသူ ၅ဝ၁ ဦးရှိသွားပြီဟု ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

စစ်တွေတွင်ဆိုလျှင် ဇန်နဝါရီလ ၈ ရက်နှင့် ၉ ရက်တို့တွင် ပိုးတွေ့သူ ၄ ဦးရှိခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်အထိ ပိုးတွေ့သူ ၆၈၄ ဦးနှင့် သေဆုံးသူ ၇၄ ဦးရှိနေသည်ဟုလည်း သိရသည်။

အဆိုပါရန်ပြေမာရ်ပြေဘုရားကြီး၏ ရင်ညွန့်တော်အတွင်း ဇန်နဝါရီလ ၁၆ ရက် နံနက်တွင် ဌာပနာထည့်သွင်းမည်ဖြစ်ပြီး ညပွဲအဖြစ် ဇန်နဝါရီလ ၁၅ ရက်ညနှင့် ၁၆ ရက်ညတို့တွင် အဆိုတော် ၁၇ ဦးပါဝင်သည့် ဂီတဖျော်ဖြေပွဲဖြင့် စည်စည်ကားကားကျင်းပရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါဘုရားကြီးကိုပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၂၂ ရက်မှစတင်ကာ ကမ္ဘာ့သာသနာပြု မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော် ဦးကုလရက္ခိတက ကျပ်သိန်းပေါင်း ၂ သောင်းခွဲခန့်အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။

ဉာဏ်တော်အမြင့်မှာ ၇၂ ပေနှင့် ပလ္လင်တော်အမြင့် ၁၁ ပေရှိပြီး ကျောက်တော်ရှိ မဟာမုနိဆင်းတုတော်ပုံစံအတိုင်း တည်ဆောက်နေခြင်းဖြစ်ကာ လက်ရှိတွင် ၈ဝ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဟု သိရသည်။

အဆိုပါဘုရားကြီးမှာ အဓိဋ္ဌာန်ဆရာတော်ကြီးတည်ထားသမျှဘုရားများထဲတွင် ဉာဏ်တော်အမြင့်ဆုံးနှင့် အကြီးဆုံးဖြစ်သည်ဟုလည်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...