မအီတောရကျောင်းအနီး သစ်ခိုးထုတ်နေမှုများကြောင့် သံဃာတော်များ တရားအားထုတ်မရဖြစ်နေ

မအီတောရကျောင်းအနီး သစ်ခိုးထုတ်နေမှုများကြောင့် သံဃာတော်များ တရားအားထုတ်မရဖြစ်နေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့ရှိ မအီတောရကျောင်းအနီး သစ်ခိုးထုတ်နေမှုများကြောင့် သံဃာတော်များသည် တရားအားထုတ်မရဖြစ်နေ၍ တားမြစ်ပေးရန် မြောက်ဦးဆရာတော်ကြီး (ခေါ်) ရတနာ့မာရ်အောင်ဆရာတော်ကြီး အရှင်ဝါယာမိန္ဒက တောင်းဆိုလိုက်ကြောင်း သိရသည်။

မအီစက်တော်ရာလမ်း ဥရုဝေလတောရအနီး သစ်သမားများသည် ချိန်းစက်တို့ဖြင့် သစ်တောများဖြုန်းတီးနေသည့်အတွက် တားမြစ်ပေးရန် ပြည်နယ်သစ်တောဝန်ကြီးဌာနနှင့် အထက်သစ်တောဝန်ကြီးဌာနသို့ အကူအညီတောင်းလိုကြောင်း ဆရာတော်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇန်နဝါရီ ၈ ရက်က ရေးသားတောင်းဆိုထားသည်။

“ဆရာတော်တို့သီတင်းသုံးရာ မအီစက်တော်ရာလမ်း ဥရုဝေလတောရအနီး သစ်သမားများသည် ချိန်းစက်တို့ဖြင့် သစ်တောများဖြုန်းတီးနေပါသောကြောင့် တားမြစ်ပေးပါရန်တောင်းဆိုအပ်ပါသည်။ နှစ်ရှည်လများခုတ်လှဲနေကြ၍ သံဃာတော်များ တရားအားထုတ်မရဖြစ်နေပါပြီ။ အမ်းမြို့နယ် ဘက်ခြမ်းတွင် ပိုဆိုးနေပါပြီ”ဟု ရေးသားဖော်ပြထားသည်။

သစ်ခုတ်အများဆုံးနေရာမှာ ဆရာတော်ကြီးသီတင်းသုံးနေသော ဥရုဝေလတောရအတွင်း မွေးမြူရေးကြိုးပြင်ကာကွယ်တော အကွက်အမှတ် ၃၀၉ တွင် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့မှ သစ်တောအရာရှိများနှင့် သက်ဆိုင်ရာလူကြီးများသည် ဆရာတော်ကြီးသီတင်းသုံးရာ ဥရုဝေလတောရကျောင်းတိုက်သို့ ယမန်နေ့ ဇန်နဝါရီ ၉ ရက် ညနေ ၃ နာရီခန့်တွင်သွားရောက်စစ်ဆေးခဲ့သည်ဟု တောင်ကုတ်မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်မင်းက နိရဥ္စရာကို ပြောသည်။

ယင်းအပြင် ဒေသခံအချို့ကို သစ်ခုတ်လုပ်မှုများမပြုလုပ်ကြရန်နှင့် တွေ့ရှိပါက သစ်တောဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

“ကျနော်တို့ သက်ဆိုင်ရာကလူတွေနဲ့ ဆရာတော်ကြီးဆီသွားပြီး ဒေသကလူတွေကို ဟောပြောပွဲလုပ်ခဲ့ပါတယ်။ ဆရာတော်ကြီး သီတင်းသုံးတဲ့ ဒီဥရုဝေလတောကို အရင်နှစ်ကလည်း ချိန်းစက်နဲ့ သစ်လာဖြတ်တဲ့တစ်ယောက်ကို ဖမ်းဆီးပြီးတရားစွဲဆိုခဲ့ပါတယ်”ဟု ပြောသည်။

သစ်ခိုးထုတ်မှုများဖြစ်ပေါ်နေသည့်ဥရုဝေလတောရကျောင်းတိုက်သည် မအီခြေရာတော်ဝင်ပေါက်မှ မိနစ် ၄ဝ ခန့် ကားဖြင့်သွားလျှင် ရောက်ရှိသည်ဟု သိရသည်။

အဆိုပါတောရကျောင်းအနီးရှိ ကျောက်တောင်တစ်ခုတွင်လည်း လျောင်းတော်မူ ကျောက်ဆင်းတုတော်တစ်ဆူကို မြောက်ဦးဆရာတော်ကြီးက ထွင်းထုပူဇော်ထားရှိသည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...