(၂၃၇) နှစ်မြောက် ရခိုင့်အချုပ်ခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ

(၂၃၇) နှစ်မြောက် ရခိုင့်အချုပ်ခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ်အခမ်းအနား ဂျပန်နိုင်ငံတွင် ကျင်းပ

(၂၃၇) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အောက်မေ့ဖွယ်အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဂျပန်နိုင်ငံရှိ ရခိုင်လူမှုအဖွဲ့အစည်း ၅ နှင့် ဂျပန်ရောက်ရခိုင်လူမျိုး ၁၀၀ ကျော်ခန့်က တိုကျိုမြို့ရှိ ဆန်းပရုခန်းမတွင် ယမန်နေ့ ဇန်နဝါရီလ ၉ ရက် ဂျပန်စံတော်ချိန် နေ့လယ် ၂ နာရီကျော်ခန့်မှ ညနေ ၇ နာရီခွဲခန့်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ရက္ခိုင်အစည်းအရုံး-ဂျပန်မှ ဥက္ကဋ္ဌ ဦးထွန်းမြခိုင်က “အရင်နှစ်ကတော့ တကွဲတပြားစီကျင်းပခဲ့ကြတယ်ပေါ့နော်။ ဒီနှစ်မှာတော့ ကျနော်တို့ ရက္ခိုင်အစည်းအရုံးတစ်ခုတည်း မဟုတ်ဘူး။ ရခိုင်အသင်းအဖွဲ့တွေ စုပေါင်းပြီးတော့ ကျင်းပခဲ့ကြတယ်။ ညီညွှတ်မှုကိုပြတဲ့သဘောပေါ့နော်” ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါအခမ်းအနားတွင် ရခိုင့်အလံကို ဦးစွာအလေးပြုခဲ့ကြပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်ခဲ့ကြသည်ဟု သိရသည်။

ယင်းနောက် ရှေ့ဆက်မည့်ရခိုင့်နိုင်ငံရေးအကြောင်းအရာများကို တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားတက်ရောက်ခဲ့သူ ကိုအောင်ကိုသန့်ကလည်း “ကျနော်တို့လူမျိုးတွေ အတိတ်က မညီညွတ်ညံ့ဖျင်းခဲ့လို့ တိုင်းတပါးကျူးကျော်သိမ်းပိုက်ခြင်းကို ခံရပြီးတော့ တိုင်းပြည်လည်းပျောက်၊ လူမျိုးစာပေယဉ်ကျေးမှုတွေပါ ဝါးမျိုခံခဲ့ရတာကို အခုဂျပန်ပြည်မှာရောက်နေကြတဲ့ ရခိုင်တစ်ယောက်ချင်းစီကို သတိရစေဖို့အတွက် နှိုးဆော်ပေးတဲ့အနေနဲ့ ဒီအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု နိရ ဉ္စရာကိုပြောသည်။

အလားတူ ရခိုင်အချုပ်အခြာအာဏာကျဆုံးသည့်နေ့အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၁ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နတ်မြစ်ကမ်းခြေ မြစ်နားရွာတွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အေဒီ ၁၄၃၀ တွင် ရခိုင်ဘုရင် မင်းစောမွန် တည်ထောင်ခဲ့သည့် ရခိုင်မင်းနေပြည်တော် မြောက်ဦးသည် မဟာသမ္မတရာဇာမင်းလက်ထက် ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တွင် မန္တလေးအမရပူရပြည့်ရှင် ဘိုးတော်ဘုရား၏တပ်များက ဝင်ရောက်သိမ်းပိုက်မှုကြောင့် ကျဆုံးခဲ့ရသည်။

ထိုကျဆုံးနေ့ကို ရက္ခိုင်ဘုရင့်နိုင်ငံတော် အချုပ်ချာအာဏာ ကျဆုံးနေ့အဖြစ် သတ်မှတ်ကာ အောက်မေ့ဖွယ်အခမ်းအနားများကို ရခိုင်ပြည်နယ်အပါအဝင် ပြည်ပရောက်ရခိုင်များက ကျင်းပတတ်ကြသည်ဟု သိရသည်။

(မှတ်ချက် - အချို့သမိုင်းဆရာများက ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်ခြာအာဏာကျဆုံးနေ့မှာ ဒီဇင်ဘာလ ၃၁ ရက်မဟုတ်ဘဲ ဇန်နဝါရီ ၉ ရက် (ပြာသိုလကွယ်နေ့)သာဖြစ်သည်ဟု ဆိုထားသဖြင့် ကွဲလွဲမှုရှိကြောင်း ဖော်ပြအပ်ပါသည်။)

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...