အမ်း တပ်တောင်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်

အမ်း တပ်တောင်တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံ စတင်ဖွင့်လှစ်

သဥ္ဇာနွယ် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသော အောက်ဆီဂျင်စက်ရုံကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစက်ရုံကို ယနေ့ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု အမ်းမျိုးဆက်ပရဟိတလူငယ်များအဖွဲ့မှ ကိုမျိုးမင်းက နိရဥ္စရာကိုပြောသည်။

“ဒီစက်ရုံက အလှူငွေတွေနဲ့ ကိုယ်ထူကိုယ်ထတည်ဆောက်ထားတာ။ ခုလိုကိုယ့်ရပ်ကိုယ်ဒေသမှာ ဖွင့်ရတဲ့အတွက် ပီတိဖြစ်မိတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့လူနာတွေအပြင် အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့လူနာတွေကိုလည်း ကူညီပေးနိုင်တယ်”ဟု ပြောသည်။

အဆိုပါစက်ရုံကို ဒေသခံများ၏အလှူငွေကျပ်သိန်းပေါင်း ၅၉၅ သိန်းအကုန်အကျခံကာ ပြီးခဲ့သည့် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလတွင်ပြီးစီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါစက်ရုံမှ တစ်နေ့လျှင် အောက်ဆီဂျင် ၄ဝ လီတာဆံ့ အိုး ၁၂ လုံးအထိထုတ်လုပ်နိုင်သည်ဟုလည်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်၌ အောက်ဆီဂျင်စက်ရုံများ အသီးသီးဆောက်လုပ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်အတွင်း ကိုဗစ်တတိယလှိုင်းမှ ယမန်နေ့ ဇန်နဝါရီလ ၇ ရက်အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရသူ ၃၃၃ ဦးနှင့် သေဆုံးသူ ၂၃ ဦးရှိခဲ့သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...