ပုဏ္ဏားကျွန်း မင်းဇီချောင်းရွာဘုန်းကြီးကျောင်းရှိ ကျောင်းသား ၉ဝ ကျော် စားဝတ်နေရေးအခက်အခဲရှိနေ

ပုဏ္ဏားကျွန်း မင်းဇီချောင်းရွာဘုန်းကြီးကျောင်းရှိ ကျောင်းသား ၉ဝ ကျော် စားဝတ်နေရေးအခက်အခဲရှိနေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီချောင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ယူနေသော အလယ်တန်းနှင့် အထက်တန်းကျောင်းသူ၊ ကျောင်းသား ၉ဝ ကျော်သည် စားဝတ်နေရေးအခက်အခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါကျောင်းတွင် တစ်နှစ်ထက်တစ်နှစ်ကျောင်းသားဦးရေများလာသောကြောင့် စားသောက်ရေးအခက်အခဲရှိလာနေခြင်းဖြစ်ကြောင်း အဆိုပါကျောင်းတွင် ပညာသင်ကြားပေးနေသောဆရာ ဦးရန်ဟိန်းဇော်က နိရဥ္စရာသို့ပြောသည်။

“ကျောင်းသားတွေလည်းများလာတော့ ငွေကြေးကလည်း အဆင်မပြေဘူး။ ရွာတွေကနေ ပတ်ပြီးအကူအညီတောင်းရတယ်” ဟုပြောသည်။

အဆိုပါကျောင်းတွင် ယခင်က ကျောင်းသူ၊ ကျောင်းသားဦးရေ ၅ဝ ကျော်သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျောင်းသားဦးရေများပြားလာခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါကျောင်းသားများတွင် အလယ်တန်းကျောင်းသူ၊ ကျောင်းသား ၁ဝ ဦးရှိပြီး အထက်တန်းကျောင်းသူ၊ ကျောင်းသား ၈ဝ ကျော်ရှိသည်ဟု ဆရာဦးရန်ဟိန်းဇော်က ပြောသည်။

“ဆန်က တစ်နပ်မှာတစ်အိတ်လောက် ကုန်ပါတယ်။ ဘတ်ဂျက်တွေ၊ အလှူငွေတွေလည်း မရှိဘူး။ ရန်ပုံငွေတွေရအောင်လည်း ပြက္ခဒိန်တွေရောင်းစားခဲ့ရတယ်”ဟု ပြောသည်။

၎င်းကျောင်းတွင် ကျောင်းတည်ထောင်သူအပါအဝင် ဆရာ၊ ဆရာမပေါင်း ၁ဝ ကျော်ရှိပြီး ဘာသာရပ်တစ်ခုစီကို ဆရာ ၂ ဦးဖြင့် သင်ကြားပေးနေကြောင်း သိရသည်။

ထိုကျောင်းရှိ ကျောင်းသားများကို ၎င်းဘုန်းကြီးကျောင်းတွင်သာ နေထိုင်ရန်စီစဉ်ပေးထားပြီး ကျောင်းသူများကိုမူ မင်းဇီချောင်းရွာထဲရှိ အိမ်တစ်အိမ်တွင် ဆရာမများနှင့် နေထိုင်နိုင်ရန် ငှားရမ်းပေးထားကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ၂၀၁၈ ခုနှစ်မှစတင်ကာ ယခုကဲ့သို့ ဆင်းရဲနွမ်းပါးသည့်ကျောင်းသား၊ ကျောင်းသူများကို ပညာရေးပရဟိတဖောင်ဒေးရှင်းအမည်ဖြင့် အခမဲ့ပညာသင်ကြားပေးနေခြင်းဖြစ်သည်ဟု သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...