မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ပြော

မောင်တောတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအသတ်ခံရမှု သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး အသတ်ခံရမှုတွင် သံသယရှိသူလေးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

အသတ်ခံရသူမှာ မောင်တောမြို့နယ်၊ မြင်းလွတ်မြို့ထွေ/အုပ်မှ ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင်(၂၆)နှစ်ဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို မောင်တောမြို့ အမှတ်(၁)ဝင်/ထွက်စခန်း ဘုတ်ဆိပ်အနီးတွင် ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့ ကရုဏာကွန်ယက်ဖောင်ဒေးရှင်းပရဟိတအသင်း ဥက္ကဋ္ဌ ကိုချစ်ထူးနိုင်က “အသတ်ခံရတာ လည်ပင်လှီးပြီးတော့ အသတ်ခံရတာ။ သူကထွေအုပ်ဝန်ထမ်းတစ်ဦးပါ။ ဘယ်သူသတ်သွားလည်းဆိုတာကိုတော့ ရဲကစုံစမ်းနေပါတယ်”ဟု ပြောသည်။

ထွေ/အုပ်ဝန်ထမ်းသတ်ဖြတ်ခံရမှုအား ရာဇာသတ်ကြီးဥပဒေပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ထားပြီး လက်ရှိမှာ သေဆုံးသူရုပ်အလောင်းတွေ့ရှိခဲ့သည့် အနီးဝန်းကျင်ရှိ ဖေစီကျေးရွာမှ သံသယရှိသည့် မွတ်လင်လေးဦးကို ခေါ်ယူစစ်ဆေးနေကြောင်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးကပြောသည်။

“အသတ်ခံရသူ ကိုဆန်းဌေးနိုင်ဖုန်းနဲ့အတူ တစ်ယောက်ကိုတော့ အသေအချာ ရှာဖွေဖော်ထုတ်ထားတယ်။ နောက်ပါဝင်ပတ်သတ်သူတွေကိုတော့ စစ်ဆေးနေတုန်းဖြစ်တယ်”ဟု ၎င်းရဲအရာရှိက ပြောသည်။

လက်ရှိသံသယဖြင့်ဖမ်းဆီးထားသူလေးဦးထဲမှ တစ်ဦးထံတွင် သေဆုံးသူ ကိုဆန်းဌေးနိုင်၏ဖုန်း တွေ့ရှိထားသည်ဟု အမည်မဖော်လိုသည့်ရဲအရာရှိက ပြောဆိုထားသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မောင်တောမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ကျော်ဦးက “သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေတာရှိတယ်။ အခုက စစ်ဆေးနေတုန်းပါ”ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခကို ဦးတည်စေနိုင်သောဖြစ်စဉ်များကိုပါ ဆက်တိုက်တွေ့ရှိလာရပြီး ထိုဖြစ်စဉ်များမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှကြိုးကိုင်ပြုလုပ်နေသည်ဟု သံသယဖြစ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...