စစ်တွေမြို့တွင်း လူနေအိမ်နှင့် အဆောက်အအုံများတွင် စစ်တပ်က အထိုင်ချနေရာယူ

စစ်တွေမြို့တွင်း လူနေအိမ်နှင့် အဆောက်အအုံများတွင် စစ်တပ်က အထိုင်ချနေရာယူ

တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ လူနေအိမ်နှင့် အဆောက်အအုံ အချို့တွင် ဝင်ရောက်အထိုင်ချနေရာယူကာ မြို့တွင်းလုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်နေ သည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှစ၍ စစ်တွေမြို့၊ ဆတ်ရိုးကျတံတားအနီးရှိ လူနေအိမ်နှင့် အဆောက်အအုံအချို့ကို အာဏာသိမ်းစစ်တပ်က ကာကင်းစခန်းများအဖြစ် အသုံးပြုရန်အတွက် ဝင်ရောက်နေရာယူထားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စစ်တွေမြို့အတွင်း အခြေအနေကို သိရှိသူတစ်ဦးက “စစ်တွေမြို့တွင်းက လမ်းမကြီး ဆတ်ရိုးကျတံတား ဘက် ကို သွားတဲ့ဘက်မှာ စစ်တပ်က နေရာယူနေတာတွေ ရှိနေတယ်လို့ သိရတယ်။ Wave ကာရာအိုကေဆိုင်နားက အဆောင်တွေမှာ စစ်တပ်ကဝင်ပြီး နေရာယူထားတာတွေရှိတယ်။ အိမ်ပိုင်ရှင်တွေကို ပစ္စည်းလာသိမ်းဖို့၊ လာ မယူရင် သူတို့အသုံးပြုမယ်ဆိုတာမျိုးတွေကိုလည်း အကြောင်းကြားတာရှိတယ်လို့ သိရတယ်” ဟု ပြောသည်။

ရခိုင်ပြည် မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိတော့သည့် စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်တပ်ဘက်ကလည်း မြို့ပတ်လည်တွင် ဘန်ကာများနှင့် စစ်အင်အားများကို အပြည့်အဝဖြည့်တင်းကာ ခံစစ်ကို အခိုင်အမာ ပြင်ဆင်ထားသည်။

အာရက္ခတပ်တော် မြို့တွင်းသို့ ထိုးဖောက်မဝင်ရောက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကတည်းက မြို့ပတ်လည်၊ ကမ်းနားလမ်းတစ်လျှောက်နှင့် ပွိုင့်ကမ်းခြေတို့တွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးကာရံခဲ့သည်။

ထို့ပြင် အဆိုပါနေရာများတွင် ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက ဘန်ကာများကို အခိုင်အမာ တည်ဆောက်ခဲ့ပြီး နောက် မြို့တွင်းနေရာအချို့တွင်ပါ ဘန်ကာများ ဆောက်လုပ်ခဲ့ကာ ယခုအခါတွင်လည်း အာရက္ခတပ်တော် ဝင်ရောက်လာနိုင်သည့် နေရာများကိုပါ ထပ်မံအထိုင်ချ နေရာယူလာခြင်း ဖြစ်သည်။

စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲနီးလာလေလေ သူတို့လုံခြုံရေးအတွက် ပြင်ဆင်တာတွေကို ပိုလုပ်လာမှာပဲ။ မြို့တွင်းပိတ်နေတဲ့ ပြည်သူတွေ အပြင်လုံးဝထွက်မရအောင် လုပ်နေတာကိုကြည့်ရင် သူတို့ နေအိမ်တွေတင် မဟုတ်ဘူး၊ မြို့တွင်းနေပြည်သူများကိုလည်း စစ်ရေးအတွက် ဓားစာခံလိုမျိုး လုပ်လာနိုင် တယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေမြို့ကို အာရက္ခတပ်တော်က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်ပြီး မြေပြင်တိုက်ပွဲများမှာ ပြင်းပြင်းထန်ထန် ရောက်ရှိလာခြင်း မရှိသေးသော်လည်း ထိုးစစ်ဆင်လိုက်၊ ရပ်လိုက်ဖြင့် နှစ်ဖက် လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် အာရက္ခတပ်တော်က ရေချမ်းပြင်ကျေးရွာ အနီးနေရာများကို ထိုးစစ်ဆင်ကာ စစ်တွေမြို့ဘက်သို့ တဖြည်းဖြည်း ချဉ်းကပ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း လက်ရှိတွင် အခြေအနေမှာ ငြိမ်သက်နေ ဆဲ ဖြစ်သည်။

စစ်တွေမြို့ခံတစ်ဦးက “မြို့ပြင်အနီးအနားမှာတော့ တိုက်ပွဲတွေရှိပေမဲ့ စစ်တွေမြို့တွင်းထဲမှာတော့ တိုက်ပွဲ အခြေအနေတွေ ဘာတွေ မရှိသေးဘူး။ ပုံမှန်သွားလာလှုပ်ရှားနေကြတုန်း။ စစ်တပ်ကတော့ ပုံမှန်ဧည့်စာ ရင်းစစ်တယ်၊ မသင်္ကာရင် ဖမ်းတယ်” ဟု ပြောသည်။

အာရက္ခတပ်တော်က စစ်တွေမြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့်အပြင် မြို့သို့ထိုးဖောက်နိုင်ရေးအတွက် မြို့ပတ် လည်နေရာများမှ တိုက်ပွဲဖော်ဆောင်မှုများ ရှိနေခြင်းကြောင့် စစ်တပ်သည် မြို့တွင်းလုံခြုံရေးအပြင် ပင်လယ်ပြင် လုံခြုံရေးများကိုပါ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိသည်။

ယခုကဲ့သို့ လုံခြုံရေးများ တိုးမြှင့်ထားသည့် အခြေအနေများကြောင့် ဩဂုတ်လ ၃ ရက်နေ့က စစ်တွေနှင့် ရသေ့တောင်နယ်စပ် ပင်လယ်ပြင်တွင် ငါးဖမ်းနေကြသည့် စစ်ဘေးရှောင် ၃ ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးသွားခဲ့ရသည်။

စစ်တွေမြို့သည် ပြည်နယ်အစိုးရ ရုံးစိုက်ရာမြို့ဖြစ်ပြီး အကယ်၍ ဤမြို့ပါ ကျဆုံးသွားခဲ့ပါက ရခိုင်ပြည် တစ်ခုလုံး အာရက္ခတပ်တော်၏ လက်ထဲသို့ ကျရောက်သွားနိုင်မည်ဖြစ်ရာ စစ်တပ်အနေဖြင့် ၎င်းတို့၏ စစ်ရေး အရ အင်အားအလွန်အကျွံသုံးကာ အပြင်းအထန် ကာကွယ်ပြင်ဆင်နေခြင်း ဖြစ်သည်။

ဓာတ်ပုံ - (DMG) စစ်တွေမြို့တွင်းတစ်နေရာ၌ နေရာယူနေသည့် စစ်ကားတစ်စီးအား ၂၀၂၂ ခုနှစ်အတွင်းက တွေ့ရစဉ်။

August 6, 2026
ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့် ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် အွန်လိုင်းမှတစ်ဆင့် ငွေကြေး...
(CINCDS) မတ်လ ၁၃ ရက်နေ့က တွေ့ရသည့် မိတ္ထီလာလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်များ
August 5, 2026
ရခိုင်ပြည်နှင့် နယ်စပ်ဒေသ မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများပြားနေသည့် စစ်တပ်သည် ရခိုင်ဒေသဘက်...
August 4, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တော အမှတ် (၉) ရပ်ကွက်ကို စစ်တပ်က လေကြောင်းမှ...
စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...