ရခိုင်ရှိမူဆလင်များနိုင်ငံသားလျှောက်ထားမှု တဖြည်းဖြည်းဖြစ်လာမည်ဟု ဝန်ကြီးများဆို

ရခိုင်ရှိမူဆလင်များနိုင်ငံသားလျှောက်ထားမှု တဖြည်းဖြည်းဖြစ်လာမည်ဟု ဝန်ကြီးများဆို

ရခိုင်ရှိ မူဆလင်များ နိုင်ငံသားလျှောက်ထားမှု တဖြည်းဖြည်း ဖြစ်လာမည်ဟု စစ်တွေမြို့နယ် သက္ကယ်ပြင် IDP စခန်းသို့ လာရောက်ခဲ့ကြသည့် နစက ကောင်စီ ဝန်ကြီးများက ပြောကြားခဲ့သည်ဟု ၎င်း IDP စခန်းမှ ဒုတိယ ခေါင်းဆောင် ဦးရွှေလှက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“ကျနော်တို့တင်ပြတာက အဓိက နိုင်ငံသားကိစ္စပေါ့။ အဲဒါတင်ပြလိုက်တယ်။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ။ ကျနော်တို့လည်း ကြိုးစားနေတယ် ဆိုပြီးတော့ ပြောခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။

နစက နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း တို့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့က သက်ကယ်ပြင် IDP စခန်းသို့ ရောက်ရှိလာစဉ် မူဆလင် ဒုက္ခသည်များက နိုင်ငံသား ဖြစ်ရေးနှင့် ပတ်သက်ပြီး တင်ပြစဉ် ထိုသို့ ပြောကြားသွားခဲ့သည်ဟု ဆိုသည်။

ဝန်ကြီးများ သက်ကယ်ပြင် IDP စခန်းသို့ ရောက်ရှိလာစဉ် မူလ နေထိုင်ခဲ့ရာ နေရာများသို့ ပြန်လည် ပြောင်းရွှေ့လိုကြောင်းကိုလည်း မူဆလင် ခေါင်းဆောင်များက တင်ပြခဲ့သည်ဟု ဆိုသည်။

“ နောက်တစ်ခုက ကျနော်တို့လည်း ဒီ Camp ထဲကနေလွတ်မြောက်ပြီးတော့ ကိုယ့်နေရာကိုကိုယ် သွားချင်တယ်လို့ပြောခဲ့ပါတယ်။ ဒုက္ခသည် ဘဝကနေ လွတ်မြောက်ပြီးတော့ ကျနော်တို့ ကိုယ့်ဘဝနဲ့ ကိုယ်နေချင်တယ်။ ကိုယ့်နေရာ မူလနေထိုင်ခဲ့တဲ့ နေရာကို သွားချင်တယ်ဆိုပြီးတော့ တင်ပြ လိုက်ပါတယ်။ ပြောတာက တကယ့်ကို ဂရုစိုက်တဲ့ စကားတွေပါပဲ။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါလို့ ပြောခဲ့ပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပါဆိုပြီးတော့ ပြောခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ ဝန်ကြီးအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၊ စစ်တွေမြို့နယ် သက္ကယ်ပြင် IDP စခန်းနှင့် မင်းဂံရပ်ကွက်မှ ဥဿလင်း ဘုန်းတော်ကြီးကျောင်းတို့ကိုသွားရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ၊ ငါးခူရနှင့် လှဖိုးခေါင်ကြား စခန်းများ ကိုလည်း သွားရောက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပလက်ဝမြို့မှ တိုင်ပွဲရှောင်စခန်းများ၊ မြောက်ဦး မြို့နယ် တိမ်ညို စစ်ဘေးရှောင်စခန်းနှင့် နေရပ်ပြန်နေသည့် လက္ကာ ကျေးရွာသားများကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ၎င်းဝန်ကြီးအဖွဲ့သည် ကျောက်ဖြူ ကျောက်တစ်လုံး IDP စခန်းသို့ သွားရောက်ခဲ့ပြီး IDP များနှင့် တွေ့ဆုံကာ ၎င်းတို့ကို ပြောင်းရွှေ့ နေရာချမည့် မြေနေရာကိုကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၀ ရက်နေ့လည်း ၎င်းဝန်ကြီးအဖွဲ့သည် အမ်းမြို့ မိုးလုံလေလုံ အားကစားခန်းမ၌ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေဆုံခဲ့ပြီး လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းပြပြောဆိုခဲ့သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...