ဦးခေါင်းတွင်လက်နက်ကြီးကျည်စရှိနေသူ မနှင်းယုလှိုင် တက္ကသိုလ်နောက်ဆုံးနှစ် ပြန်တက်မည်

ဦးခေါင်းတွင်လက်နက်ကြီးကျည်စရှိနေသူ မနှင်းယုလှိုင် တက္ကသိုလ်နောက်ဆုံးနှစ် ပြန်တက်မည်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာမှ ဦးခေါင်းတွင်လက်နက်ကြီးကျည်စရှိနေသေး၍ ဆေးခန်းပြနေရသည့် မနှင်းယုလှိုင်သည် တက္ကသိုလ်နောက်ဆုံးနှစ်ကို ပြန်တက်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

အသက် ၂၂ နှစ်ရှိပြီဖြစ်သည့် မနှင်းယုလှိုင်သည် သမိုင်းမေဂျာအထူးပြု အဝေးသင်နောက်ဆုံးနှစ်တက်ရောက်ရန် ဖောင်တင်ထားပြီဖြစ်ပြီး ကျောင်းတက်ရန် စိတ်အားထက်သန်နေသည်ဟု နိရဉ္စရာကို ပြောသည်။

“ကျောင်းအရမ်းတက်ချင်တယ်။ ကျောင်းနဲ့ဝေးနေတာကြာပြီ။ ဒါပေမယ့် သမီးတို့အတွက် ငွေကြေးက အခက်အခဲရှိတယ်” ဟုပြောသည်။

သူမသည် ပြီးခဲ့သော၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက် နံနက်က သူမ၏ ညောင်ကန်ရွာထဲသို့ လက်နက်ကြီးကျည် ၄ လုံး ကျရောက်ပေါက်ကွွဲရာမှ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန်သွားခဲ့ပြီး လက်ရှိအချိန်ထိ ဆေးကုသမှုခံယူနေရသူဖြစ်သည်။

လက်ရှိတွင် သူမ၏ဦးခေါင်း၌ရှိနေသေးသည့်ကျည်ဆံကြောင့် ဆေးခန်းထပ်မံပြသရန် ရန်ကုန်သို့ လာမည့် ဒီဇင်ဘာလ ၂၇ ရက်တွင် စတုတ္ထအကြိမ်မြောက် သွားရောက်ရန်ရှိသည်။

ဦးခေါင်းမှ ကျည်ဆံအား ခွဲစိပ်/မစိပ်ဆိုသည်ကို ဆေးခန်းပြပြီးမှသာ သိနိုင်မည်ဟုလည်း မနှင်းယုလှိုင်၏မိခင် ဒေါ်စိန်သန်းရီက နိရဥ္စရာကိုပြောသည်။

“ခွဲမယ်၊ မခွဲမယ်ဆိုတာ မသိရသေးပါဘူး။ ကျမတို့အနေနဲ့ တစ်ခါဆေးခန်းပြရင် အကုန်အကျများတယ်။ အခက်ခဲတော်တော်ဖြစ်ရပါတယ်” ဟုပြောသည်။

လက်ရှိတွင် မနှင်းယုလှိုင်သည် စကားပီပီသသပြောနိုင်နေပြီဖြစ်သော်လည်း ဘယ်ဘက်လက်မှာ ပုံမှန်အတိုင်း ကောင်းကောင်းမွန်မွန်မလှုပ်ရှားနိုင်သေးကြောင်း ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

“သမီးလေး ပြန်ကောင်းလာဖို့ မျှော်လင့်နေတယ်”ဟု ပြောသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...