မလေးရှားသို့ တရားမဝင်သွားသူ ၁ဝ၉ ဦးကို မောင်တောတွင် လဝကဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်

မလေးရှားသို့ တရားမဝင်သွားသူ ၁ဝ၉ ဦးကို မောင်တောတွင် လဝကဥပဒေဖြင့် ထောင်ဒဏ် ၅ နှစ်စီချမှတ်

မလေးရှားနိုင်ငံသို့တရားမဝင်သွားသူ ၁ဝ၉ ဦးကို လဝကဥပဒေဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ် ၅ နှစ်စီအသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

၄င်းတို့ကို လဝကဥပဒေပုဒ်မ ၁၃ (၁)ဖြင့် ဒီဇင်ဘာလ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် မောင်တောမြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ရှေ့နေက နိရဥ္စရာကို ပြောသည်။

“တစ်ယောက်ကို ထောင်ဒဏ် ၅ နှစ်စီ ၁၃ (၁)နဲ့အမိန့်ချတာ”ဟု ပြောသည်။

အမိန့်ချမှတ်ခံရသူများတွင် အမျိုးသမီး ၅၇ ဦးနှင့် အမျိုးသား ၅၂ ဦးတွင် မူဆလင် ၄၅ ဦးပါဝင်ပြီး ကျန် ၅ ဦးမှာ ဗမာအမျိုးသားများဖြစ်ကာ နောက်ထပ် ၂ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဟု အမှုလိုက်ရှေ့နေက ပြောသည်။

ထောင်ချခံလိုက်ရသူများသည် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက် နံနက် ၆ နာရီခန့်က စစ်တွေမြို့နှင့် ရေမိုင် ၂ဝ အကွာရှိ ဘင်္ဂလားပင်လယ်အော်အတွင်း ဝဒီထွန်း(၅)အမည်ရှိ တရားမဝင်မှောင်ခိုလှေ ၁ စီးနှင့်အတူ ဖမ်းမိခဲ့သူဖြစ်သည်။

မလေးရှားသို့တရားမဝင်သွားရောက်သည့်ယင်းစက်လှေတွင် ယခုထောင်ချခံလိုက်ရသူများအပါအဝင် ဗမာ ၅ ဦး၊ မူဆလင် အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ကျား ၁၉ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၂၈ ဦးတို့ပါဝင်ခဲ့သည်ဟု သိရသည်။

၄င်းတို့သည် ဘူးသီးတောင်၊ မောင်တော၊ ဘင်္ဂလားဒေ့ရှ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဖြစ်ကြသည်ဟု သိရသည်။

ဖမ်းဆီးခံရပြီးနောက် ၄င်းတို့ကို မောင်တောမြို့နယ် တောင်ပြိုသို့ယူဆောင်လာခဲ့ပြီး ယင်းနောက် မောင်တောမြို့နယ် ကညင်ချောင်းရဲစခန်းတွင်ထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၄င်းတို့ထဲတွင် အသက် ၁ဝ နှစ်အောက်ကလေးများကို မိဘအုပ်ထိန်းသူထံသို့လွှဲပြောင်းခဲ့ပြီး ၁၈ နှစ်မပြည့်သေးသည့် အယောက် ၉ဝ ကို ယနေ့တွင် တရားစွဲဆိုနိုင်ရေး မောင်တောမြို့နယ်တရားရုံးတွင် ရုံးတင်စစ်ဆေးနေသည်ဟု အမှုလိုက်ရှေ့နေက ပြောသည်။

“ဒီနေ့ ကလေး ၉ဝ ကို တရားစွဲဖို့ ရုံးတင်စစ်ဆေးနေတယ်။ လဝကဥပဒေ ၁၃ (၁)နဲ့ပဲ စွဲမှာ”ဟု ဆိုသည်။

၄င်းတို့အားလုံးကို မောင်တောမြို့မှ ဒုလဝကမှူး ဦးအာကာထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မလေးရှားသို့ တရားမဝင်သွားသူ ၂၂၈ ဦးအား နိုဝင်ဘာ ၂၉ ရက်ကဖမ်းမိစဉ်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...