ရာမညနိကာယဥက္ကဌ ဘဒ္ဒန္တ ဝဏ္ဏသာရအား မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူ Ph.D ဘွဲ့ချီးမြှင့်၊ မွန်ဆရာတော် ၁၁ ပါးနှင့် အရပ်သား ၂ ဦးတို့ ဘွဲ့အသီးသီးရရှိ

ရာမညနိကာယဥက္ကဌ ဘဒ္ဒန္တ ဝဏ္ဏသာရအား မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူ Ph.D ဘွဲ့ချီးမြှင့်၊ မွန်ဆရာတော် ၁၁ ပါးနှင့် အရပ်သား ၂ ဦးတို့ ဘွဲ့အသီးသီးရရှိ

ရာမညနိကာယဂိုဏ်း ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဝဏ္ဏသာရအား ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါရဂူ Ph.D (Honor)ဘွဲ့တံဆိပ် (2020) ချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါတက္ကသိုလ်တွင် ပညာသင်ကြားပြီးမြောက်အောင်မြင်ခဲ့သော မွန်ဆရာတော် ၁၁ ပါးနှင့် အရပ်သား ၂ ဦးတို့ကိုလည်း ဘွဲ့တဆိပ်တော်အသီးသီး ချီးမြှင့်ဆက်ကပ်ပေးအပ်ခဲ့ကြောင်း သိရသည်။  

အယုဒ္ဓယမြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်၌ ဒီဇင်ဘာ ၁၁ ရက်နေ့က ကျင်းပသည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် Ph.D (Honor) ဆက်ကပ်ခံရသည့်ဆရာတော်၊ MA ဘွဲ့ရ သံဃာတော် ၂ ပါးနှင့် အရပ်သား တစ်ဦး၊ BA ဘွဲ့ရ သံဃာတော် ၉ ပါးနှင့် အရပ်သား ၁ ဦး စုစုပေါင်း ၁၄ ပါး/ဦးနှင့် မွန်ပြည်နယ်က ဒါယကာအချို့ တက်ရောက်ခဲ့ကြောင်း Ph.D (နိုင်ငံရေးသိပ္ပံ) တက်ရောက်နေသည့် ဆရာတော် ပုပ္ဖဟံသာက မွန်သတင်းအေဂျင်သို့ မိန့်ကြားခဲ့သည်။

“မဟာချူလာတက္ကသိုလ်မှာ မွန်သံဃာတော်တွေ ပညာလာရောက်သင်ကြားနေတဲ့အထဲက BA နဲ့ MA ဘွဲ့လာယူတဲ့အခမ်းအနားမှာ ဘုန်းကြီး ၁၁ ပါးနဲ့ အရပ်သား ၂ ယောက် အားလုံး ၁၃ ဦး တက်ရောက်ပါတယ်။ ဒါ့အပြင် Ph.D ချီးမြှင့်ခံရတဲ့ ဆရာတော်တစ်ပါးအပါအဝင် အားလုံးအတွက် ဂုဏ်ပြုပွဲတွေ ပြုလုပ်ခဲ့ပါတယ် ”ဟု ဆရာတော် ပုပ္ဖဟံသာက မိန့်ကြားသည်။  

မဟာချူလာလောင်ကွန်းတက္ကသိုလ်၏ ဂုဏ်ထူးဆောင် Ph.D ဒေါက်တာဘွဲ့ ချီးမြှင့်ခံရသည့်  ဆရာတော် ဘဒ္ဒန္တဝဏ္ဏသာရသည် မော်လမြိုင်မြို့ရှိ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်ဖြစ်သည့်အပြင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျောင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော်လည်း ဖြစ်ကြောင်း သိရသည်။  

မော်လမြိုင်မြို့ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ် ကျောင်းထိုင်ဆရာတော် သီလာစာရက “ထိုင်းနိုင်ငံမှာရော နိုင်ငံတကာတွေမှာပါ သွားရောက်ပြီး ပညာဆည်းပူးနေကြတဲ့ မွန်သံဃာတော်တွေရဲ့ အရင်းခံစိတ်ဓါတ်ကတော့ မိမိလူမျိုးကိုမြှင့်တင်လိုတဲ့ဆန္ဒရှိကြတယ်လို့ ယုံကြည်ပါတယ်၊ မွန်အတော်များများဟာ အမျိုးမချစ်တာ မရှိသလောက်ပါပဲ၊ ဒါပေမယ့် အမျိုးကိုချစ်ပုံချင်းကသာ မတူကွဲပြားနေကြတာပါ၊ မိမိတို့ မွန်သံဃာတော်တွေဟာ မွန်စာပေလေ့လာသင်ကြားပြီးတော့ အမျိုးချစ်ကြတယ်၊ သာသနာတော်ကို စောင့်ရှောက်ကြတယ်၊ အမျိုးသားယဥ်ကျေးမှုကို ထိန်းသိမ်းကြဖို့ တိုက်တွန်းတယ်၊ မွန်တွေအားလုံးမှာ အမျိုးကိုမြှင့်တင်တာချင်း တူညီကြပေမယ့် ပညာရေးအပိုင်းကို မြှင့်တင်ပေးနေတဲ့ ပုဂ္ဂိုလ်တွေက အမြင့်မြတ်ဆုံးပဲလို့ ဆိုချင်ပါတယ်၊ ကမ္ဘာပေါ်က တခြားလူမျိုးတွေနဲ့ ပုခုံးချင်းယှဥ်နိုင်ဖို့က ပညာရေးက အဓိကအကျဆုံးပါ၊ ဒါကြောင့် ပညာဒါန ဖြန့်ဝေပေးတာကလည်း အမြင့်မြတ်ဆုံးအလုပ်ပါပဲ”ဟု ဘွဲ့တဆိပ်တော်ဆက်ကပ်ခြင်း ဂုဏ်ပြုပွဲတွင် မိန့်ကြားသည်။  

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၌ ၂၀၁၂ ခုနှစ်ကတည်းက ဆရာတော် သီလစာရ ဦးစီး၍ ရာမညရဋ္ဌဗုဒ္ဓတက္ကသိုလ်ကို ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့်ကောလိပ် ၂၁ ခုက အသိအမှတ်ပြုထားကြောင်း၊ ဤတက္ကသိုလ်မှ ဒီပလိုမာတန်းအောင်မြင်ပြီးပါက မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓတက္ကသိုလ်နှင့် ကောလိပ်တွင်မဆို BA တန်းကို ဆက်လက်သင်ကြားခွင့်ရရှိမှာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရာမညနိကာယဂိုဏ်းသည် ရွှေကျင်၊ မဟာရင်နှင့် သုဓမ္မာဂိုဏ်းရှိ မွန်သံဃာများဖြင့် စုပေါင်းထားဖွဲ့စည်းထားသည့်အတွက် မွန်အမျိုးသားတို့၏ အထွဋ်အမြတ်ဆုံး ဗုဒ္ဓဘာသာဂိုဏ်းကြီးဖြစ်သည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...