ပလက်ဝတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် စည်းရုံးနေမှု CDF- ပလက်ဝ ပြင်းပြင်းထန်ထန် ကန့်ကွက်

ပလက်ဝတွင် ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် စည်းရုံးနေမှု CDF- ပလက်ဝ ပြင်းပြင်းထန်ထန် ကန့်ကွက်

ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာများမှ ရွာသားများကို  ပြည်သူ့စစ်သင်တန်း တက်ရောက်ရန် ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံး စာရင်းပေးသွင်းရမည်ဟု စစ်ကောင်စီဘက်မှ ပြောဆိုထားသည့်အပေါ်CDF-ပလက်ဝအဖွဲ့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၆ ရက်နေ့စွဲဖြင့် သတိပေးစာ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပလက်ဝမြို့ အခြေစိုက် (၂၈၉) တပ်ရင်းထဲတွင် ပလက်ဝမြို့ အနီးတဝိုက်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို တပ်မမှူးကိုယ်တိုင် ခေါ်ယူတွေ့ဆုံပြီး ကျေးရွာအသီးသီး၌ ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူဦးရေအနည်းအများ ပေါ်မူတည်၍ တစ်ရွာလျင် ၁၅ ဦးမှ ၃၀ ဦးစီ ဒီဇင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

''ဒီလိုပါ ကျွန်တော်တို့ CDF-ပလက်ဝ က ပလက်ဝမြို့နယ်ရဲ့ နယ်မြေထိန်းချုပ်မှုကို အဓိကထား သွားနေတာဖြစ်လို့ စစ်ကောင်စီတွေအနေနဲ့ တော်တော်လေး စိုးရိမ်နေပုံရတယ်။ ဒီတော့ ပြည်သူနဲ့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့ကြား ချိတ်ဆက်မှု ပိုအားကောင်းသွားမှာ ကြောက်တာပေါ့လေ။ ဒါကြောင့်ပဲ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေ မဟုတ်သေးတဲ့ ကျေးရွာတော်တော်များများမှာ ပြည်သူ့စစ်သင်တန်း တက်ရောက်ဖို့ စည်းရုံးနေတယ်လို့ ဒေသခံတွေဆီကတဆင့် ကြားရတာပါ” ဟု CDF- ပလက်ဝ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ထို့အပြင် ပလက်ဝမြို့နယ်၏ ဧရိယာကျယ်ပြန့်မှုကို အခွင့်ကောင်းယူပြီး ချင်းနယ်မြေ ကာကွယ်ရေးတပ်ဖွဲ့များ အကြောင်း အသေးစိတ် မသိရသေးသည့် ကျေးရွာများတွင် အဓိကထား စည်းရုံးနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဒါတွေကိုထိထိရောက်ရောက် စုံစမ်းပြီး ပြင်းထန်တဲ့ အရေးယူမှုတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါမယ်။ ဒါဟာနဂိုတည်းက အင်တာနက်လိုင်း ကာလကြာရှည်ဖြတ်တောက် ခံခဲ့ရပြီး အမှောင်ချခံထားရတဲ့ ကျွန်တော်တို့ ပလက်ဝမြို့နယ်က ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဒီတော်လှန်ရေးမှာ မပါဝင်လာနိုင်အောင် လုပ်နေတာပါပဲ” ဟု သူက မှတ်ချက်ပြုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့ နေ့စွဲဖြင့် CDF- ပလက်၀ အနေဖြင့် ထွေ/အုပ် အုပ်စုစာရေးများနှင့် အစိုးရယန္တယား လည်ပတ်အောင် လုပ်ဆောင်နေသည့် ရုံးဝန်ထမ်း Non-CDM သမားများအား နောက်ဆုံးအကြိမ် သတိပေး ထုတ်ပြန်ထားသည်။

May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...