KNU နယ်မြေ လေးကေကော်မြို့သစ်ကို စစ်တပ်က ( ၆ ) ကြိမ်မြောက် ဝင်စစ်

KNU နယ်မြေ လေးကေကော်မြို့သစ်ကို စစ်တပ်က ( ၆ ) ကြိမ်မြောက် ဝင်စစ်
Photo - လေးကေကော်မြို့သစ် (Google)
Photo - လေးကေကော်မြို့သစ် (Google)

ကရင်အမျိုးသားအစည်းအရုံး (KNU) မိသားစုဝင်များနှင့် ကရင် ဒုက္ခသည်များအတွက် နေရာ ချထားပေးသော လေးကေကော် မြို့သစ်ကို အာဏာသိမ်း စစ်ကောင်စီတပ်များက ဒီဇင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်တွင် ၆ ကြိမ်မြောက် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း လေးကေကော် မြို့သစ် တာဝန်ရှိ သူတစ်ဦးက မဇ္ဈိမကို ပြောသည်။

လေးကေကော် မြို့သစ်တွင် PDF တပ်ဖွဲ့ဝင်များနှင့် CDM ဝန်ထမ်းများ လာရောက် ခိုလှုံနေသည်ဟု အကြောင်းပြချက်ဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း  လာရောက် စစ်ဆေးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

“ဒီမှာ PDF တွေခိုတယ်။ သတင်းရလို့ ပေါ့နော်။ အဲဒါနဲ့ ဝင်စစ်တာလို့ ပြောတယ်။ မသင်္ကာတဲ့ အိမ်တွေကို တစ်အိမ်တက် တစ်အိမ်ဆင်း ဝင်စစ်တယ်” ဟု လေးကေကော်မြို့သစ် တာဝန်ရှိသူက ယနေ့တွင် ပြောသည်။

အင်အား ၄၀ ဝန်းကျင် ပါဝင်သော အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ခမရ (၅၆၀) တပ်ရင်းက လေးကေကော်မြို့သစ် (၆) ရပ်ကွက်ရှိ မသင်္ကာသော နေအိမ်များကို ဝင်ရောက် စစ်ဆေးပြီးနောက် ပြန်ထွက်သွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်ကလည်း လေးကေကော် မြို့သစ်ထဲသို့ စစ်ကောင်စီတပ် ခမရ (၅၆၀) တပ်ရင်း တပ်ဖွဲ့ဝင်များက ရှောင်တခင် ဝင်ရောက်လာပြီး တစ်အိမ်တက် တစ်အိမ်ဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။

ဒေသတွင်း စစ်ရေးတင်းမာနေချိန် KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးကေကော် မြို့သစ်ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက်စစ်ဆေးမှုအပေါ် ဒေသခံများက ထိတ်လန့် စိုးရိမ်မှုများ ရှိကြသည်။

လေးကေကော်မြို့သစ်ကို သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ နိပွန်ဖောင်းဒေးရှင်းက ကမကထ ပြုလုပ်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စုစုပေါင်း ရပ်ကွက် ခြောက်ခုဖြင့် ဖွဲ့စည်းထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...