စစ်အာဏာသိမ်းပြီး ၁၀ လအတွင်း NLD ပါတီဝင် ၅၇၀ ကျော် ဖမ်းဆီးခံခဲ့ရ၊ ၁၃ ဦးသေဆုံး

စစ်အာဏာသိမ်းပြီး ၁၀ လအတွင်း NLD ပါတီဝင် ၅၇၀ ကျော် ဖမ်းဆီးခံခဲ့ရ၊ ၁၃ ဦးသေဆုံး

မြန်မာ့စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၁၀ လတာအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ခေါင်းဆောင်များအပါအဝင် ပါတီဝင်စုစုပေါင်း ၅၇၃ ဦးအထိ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၃ ဦးမှာသေဆုံးခဲ့ကြောင်း NLD ဗဟိုအလုပ်ကော်မတီ(CWC)မှ ယနေ့ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူများထဲမှ ၁၂၈ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး လက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် NLD ပါတီဝင် ၄၃၂ ဦးရှိကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

သေဆုံးသူများမှာ စစ်ကြောရေးကာလအတွင်း ၈ ဦး၊ အကျဉ်းကျနေစဉ်အတွင်း ၄ ဦး၊ ပြန်လည်လွတ်မြောက်လာပြီး များမကြာမီတွင်သေဆုံးသွားသူ ၁ ဦး စုစုပေါင်း ၁၃ ဦးရှိကြောင်း NLD ပါတီဗဟို၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ထောင်တွင်းအကျဉ်းကျခံနေစဉ်ကာလတွင် သေဆုံးသွားသူ ၄ ဦးမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ပါတီဝင် ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်တို့ ဖြစ်ကြသည်။

စစ်ကြောရေးကာလအတွင်း သေဆုံးသွားသူများမှာ ပါတီဝင် ဦးခင်မောင်လတ်၊ ဦးဇော်မြတ်လင်း၊ ဦးကျော်ကျော်(ခ)အဂ္ဂမိုးညို၊ ဦးစိုးစံ ၊ ဦးဖြိုးဝေထွန်း၊ ခွန်ဘွားထိုသွေး၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး (ခ)မင်းကိုသိန်း(ခ)ဦးဖက်တီးတို့ ဖြစ်ကြသည်။

NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်(ခ)ဦးအေးကြူမှာ ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာပြီး တစ်လအကြာ နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့ရှိ NLD ပါတီရုံးချုပ်အပါအဝင် ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပါတီရုံးများမှာလည်း ဖောက်ခွဲခံရခြင်း၊ ဖျက်ဆီးခံရခြင်း အကြိမ်အရေအတွက် (၇၅)ကြိမ်ရှိပြီဖြစ်ကြောင်း NLD ပါတီဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

NLD ပါတီအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအားဝန်းရံသည့် ပြည်သူများ၏ နေအိမ်နှင့်အဆောက်အဦးများကိုလည်း ဥပဒေမဲ့ဝင်ရောက်ပြီး ပစ္စည်းများသိမ်းဆည်းသယ်ယူသွားခြင်း၊ ဖျက်ဆီးမီးရှို့ခြင်းများအပြင် တရားရုံးအမှုများကို အကြောင်းပြ၍ နေအိမ်များအားချိတ်ပိတ်ခံရသူ ၅၇ ဦးရှိခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြသည်။

ဖမ်းဆီးခံရမှုများ၊ သေဆုံးခဲ့သူများ၊ ရုံးခန်းများဖျက်ဆီးခံရမှုစာရင်းများမှာ မြေပြင်အနေအထားတွင် NLD ဗဟိုအလုပ်ကော်မတီ(CWC)မှ ကောက်ယူထားသောစာရင်းများထက် ပိုများပြားနိုင်ကြောင်းလည်းဆိုသည်။

NLD ပါတီခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှ တရားစွဲထားသည့်ပုဒ်မများထဲမှ အမှုနှစ်ခုကို အပြီးသတ်စီရင်ချက်အမိန့်ချရန် နိုဝင်ဘာ ၃၀ ရက်နေ့က ချိန်းဆိုခဲ့သော်လည်း အမိန့်မချဖြစ်ဘဲ ဒီဇင်ဘာလ ၆ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...