ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီးမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီညွှန်ကြား

ရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်ပိုပြီးမဲပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီညွှန်ကြား

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်ကကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်မဲပိုပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ညွှန်ကြားလိုက်သည်။

သက်ဆိုင်ရာမြို့နယ်အလိုက် နိုင်ငံသားစိစစ်ရေးကတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ- ၅၉ နှင့်အညီ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်အရေးယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအားလုံးကို အကြောင်းကြားထားပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများကို စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၃ အရ စိစစ်ခြင်းဖြစ်ပြီး စိစစ်တွေ့ရှိချက်များအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ရွေးကောက်ပွဲပျက်ပြားစေရန် ဆောင်ရွက်ခြင်းဖြစ်၍ နောင်တွင် အဆိုပါပြစ်မှုမျိုး ကျုးလွန်မှုမရှိစေရေးအတွက် အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ရွေးကောက်ပွဲကာလတွင် မဲတစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခဲ့သူတစ်ဦးတည်းသာမက မဲရုံမှူးများအပါအဝင် တစ်ကြိမ်ထက်ပိုမဲပေးရန် အားပေးသည့် အဖွဲ့အစည်းများလည်း အပြစ်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“အဓိက မဲရုံမှူးတွေနဲ့ဆိုင်တယ်။ မဲရုံမှူးတွေက လူတစ်ယောက်နှစ်ခါမဲပေးတယ်ဆိုကတည်းက အဲဒီလူစာရင်းမှာ လက်မှတ်ထိုးပြီးမှပေးရတာဖြစ်တယ်။ ဆိုတော့ အဲဒီလူဟာ နောက်တစ်ခေါက်လာဖို့ဆိုတာမဖြစ်နိုင်ဘူး။ ပထမအကြိမ်လက်မှတ်ထိုးပြီးသား ဖြစ်နေတယ်။ နောက်ပြီးတော့ မှင်လက်မှတ်လည်းထိုးထားတယ်ဆိုတော့ပေါ့။ အဓိက ကော်မရှင်၊ မဲရုံမှူးတွေမှာအပြစ်ရှိတယ်။ အဲဒီလူတွေမှာလည်း အားပေးတဲ့အဖွဲ့စည်းအဖြစ် အပြစ်ရှိတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၉ နှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်ရာ၌ မြို့နယ်/နယ်မြေရဲတပ်ဖွဲ့စခန်းများ၏ အကြောင်းပြန်ချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ (ခွဲ) များအနေဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း တင်ပြလာသည်ဟု စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှ ဆိုထားသည်။

မဲတစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးသူများကို အရေးယူဆောင်ရွက်ရန်ညွှန်ကြားချက်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က အသေးစိတ်မသိရှိရသေးကြောင်း ပြောကြားသည်။

တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၁၇၁-(ဃ) နှင့် (စ) အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကို ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

ယင်းကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် တစ်ကြိမ်ထက်ပိုပြီး ဆန္ဒမဲပေးသည့် မဲဆန္ဒရှင်များကို သက်ဆိုင်ရာတရားရုံးများတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁-(ဃ) ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...