သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ (PDFs) တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

သရက်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ (PDFs) တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ပုဏ္ဏားကျေးရွာအနီးတွင် စစ်ကောင်စီတပ်၏ ကင်းလှည့်အဖွဲ့နှင့် သရက်၊ ကံမ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ (PDFs) တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ စစ်‌ကောင်စီဘက်မှ သေဆုံးသူသုံးဦးရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သရက်က ယနေ့ အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၁၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ဆိုင်ကယ်လေးစီးဖြင့် အင်အား ၁၀ ဦးခန့်ပါသည့် စစ်ကောင်စီတပ် လှည့်ကင်းအဖွဲ့နှင့် သရက်၊ ကံမ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပုဏ္ဏားကျေးရွာအနီး သဲဖြူကြိုးဝိုင်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"စစ်သား သုံးယောက်ကို ပုဏ္ဏားရွာ အနီးမှာတေ့ပစ်တာပါ။ ပစ်တဲ့ရဲဘော်က မောင်းပြန်‌သေနတ်နဲ့ ကပ်ပြီးပစ်တာပါ။ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) စစ်သားသုံးယောက်လုံးကို သေချာထိပါတယ်။ အခု သရက်ဆေးရုံမှာ စခ (စစ်ကောင်စီတပ်သား) ရုပ်အလောင်း သုံးလောင်း ရောက်နေပါပြီ" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သရက်မှ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ပစ်ခတ်ခံရသည့် စစ်ကောင်စီတပ်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဏ္ဏားရွာ၊ ပေါက်ဦးကားရွာ၊ သမန်းပြင် ကျေးရွာများမှ အပြစ်မဲ့ ရွာသူရွာသားများကို ဖမ်းဆီးနှိပ်စက် ခြိမ်းခြောက်နေသည့် လှည့်ကင်းအဖွဲ့ဖြစ်ကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သရက်၏ တာဝန်ရှိသူထံမှ သိရသည်။

သရက်မြို့ဆေးရုံနှင့် နီးစပ်သူ ဒေသခံတစ်ဦးက "ဆေးရုံက ရင်ခွဲရုံကိုတော့ ခေါင်းကိုထိတဲ့တစ်ယောက်ပဲ ရောက်လာတယ်လို့ သိရတယ်။ ကျန်တဲ့ ထိတဲ့သူတွေကိုတော့ ကြိတ်ပြီး ကုနေကြလား မသိဘူး။ရောက်လာတဲ့ တစ်ယောက်က ကပစ (၁၂) က စစ်သား မျိုးရန်နိုင်လင်းပါ။ သူ့ကို ဖိုးသားလို့ ရွာကခေါ်ကြတာ၊ သရက်မြောက်ဘက် ကိုးပင်ရွာဇာတိပါ" ဟု ဆိုသည်။

သရက်၊ ကံမ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သရက်နှင့် ကံမမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-သရက်သည် အောက်တိုဘာလ ၅ ရက်ကလည်း ပုဏ္ဏားရွာမှ စစ်ကောင်စီသတင်းပေး မိုးကြီးဆိုသူကို စက်တောင်ရွာ အနီးတွင် ပစ်ခတ်သတ်ဖြတ်မှုပြုလုပ်ခဲ့ပြီး သရက်၊ ကံမ၊ မင်းတုန်းနှင့် မင်းလှမြို့နယ်များရှိ Mytel Tower တိုင်များကိုလည်း ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...