မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) ကွယ်လွန်

မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) ကွယ်လွန်

မွန်ညီညွတ်ရေးပါတီ MUP ဥက္ကဌ နိုင်တင်အောင် (ခေါ်) နိုင်တလနွန် (အသက် ၈၅ နှစ်) သည် အောက်တိုဘာ ၁၀ ရက် ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာနေအိမ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

“မနေ့က မော်လမြိုင်မှာ EC အစည်းအဝေးတက်ခဲ့တယ် ကျန်းမာရေးကပုံမှန်ပါပဲ၊ မိန့်ခွန်းတွေ ပြောတာ ဆွေးနွေးတာ ကောင်းကောင်းပါပဲ၊ ညနေ ၃ နာရီလောက် ပငကိုပြန်သွားတယ်၊ ညနေစာစားတာကလည်း ကောင်းကောင်းမွန်မွန်ပါပဲ၊ ညက အိပ်ယာဝင်ချိန်မှာပဲ နှလုံးခုန်နှုန်းရုတ်တရက်မြန်လာပြီး ချောင်းအဆက်မပြတ်ဆိုးလာတယ်၊ ဆရာဝန်လည်းရောက်လာပြီးတော့ ကွယ်လွန်သွားပါတယ်” ဟု MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

နိုင်တင်အောင်၏ ကြွင်းကျန်သည့်ရုပ်ကလာပ်မီးသင်္ဂြိုလ်မည့် ဈာပနအစီအစဉ်ကို သဘက်ခါ အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပငကျေးရွာသုဿာန်၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

မွန်သတင်းအေဂျင်စီမှ ပြုစုထားသောမှတ်တမ်းအရ နိုင်တင်အောင်သည် အသက် ၁၁ နှစ်အရွယ်ကတည်းက မွန်တော်လှန်ရေးအသိုင်းအဝန်းတွင် ကြီးပြင်းလာသူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ မွန်ခေါင်းဆောင် နိုင်အောင်ထွန်း၏ အမွေဆက်ခံနိုင်သူ အများဝေဖန်ခံနေရသည့် မွန်ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း တွေ့ရှိရသည်။

ယခင် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် နှစ်ပါတီပေါင်းစည်းရေးသဘောတူညီမှုရရှိခဲ့ရာ နိုင်တင်အောင်အား “မွန်ညီညွတ်ရေးပါတီ MUP” အမည်မရွေးချယ်မီကတည်းကပင် ဥက္ကဌအဖြစ် ကြိုတင်ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် မွန်ဒီမိုကရေစီပါတီ MDP စတင်ဖွဲ့စည်းခဲ့စဉ်က ဒုဥက္ကဌ (၂) အဖြစ်လည်းကောင်း၊ MDP ပါတီမှ မွန်အမျိုးသားပါတီ MNP အဖြစ်နာမည်ပြောင်းလဲခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် မေလတွင် ဒုဥက္ကဌ (၁) အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နိုင်တင်အောင်သည် ၁၉၈၆ ခုနှစ်ခန့်တွင် ပငကျေးရွာမှ ကျောင်းသားများနှင့် စာပေယဉ်ကျေးအဖွဲ့ဝင် ၃၀ ဦးခန့်ကို ဦးဆောင်ကာ မွန်ပြည်သစ်ပါတီ NMSP သို့ ဝင်ရောက်ခဲ့ပြီးနောက် ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တာဝန်ပေးအပ်ခြင်းခံပြီး မွန်အမျိုးသားကယ်ဆယ်ရေးကော်မတီ ဥက္ကဌ၊ စီးပွားရေးဌာန၊ နိုင်ငံခြားရေးရာဌာနတာဝန်ခံ ဖြစ်ခဲ့ဖူးသည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၁၉၉၄-၉၅ နဝတစစ်အစိုးရ SLORC နှင့် အပစ်ရပ်စဲမှုဆွေးနွေးခဲ့ရာတွင် မွန်ပြည်သစ်ပါတီ NMSP အပစ်ရပ်ဆွေးနွေးမှုကော်မတီ (ကရဒ) ဒုတိယခေါင်းဆောင်အဖြစ်လည်ကောင်း၊ ၂၀၀၂ ခုနှစ်တွင် မွန်ပြည်သစ်ပါတီမှအနားယူခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အကြား ပြည်နယ်အဆင့်အပစ်ရပ်ဆွေးနွေးရေး Bilateral Agreement လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဖခင်ဖြစ်သူ နိုင်အောင်ထွန်းသည် မွန်အမျိုးသားတပ်ဦးဥက္ကဌ MPF လည်းဖြစ်၊ ဦးနု၏ သန့်ရှင်းဖဆပလအစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးလည်းဖြစ်သည့်အတွက် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းမှုတွင် နိုင်တင်အောင်သည်လည်း ထင်ရှားသောမွန်နိုင်ရေးခေါင်းဆောင်များနှင့်အတူ ၁၀ နှစ်ကျော်ထောင်သွင်းအကျဉ်းချခံခဲ့ရပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း တွေ့ရှိသည်။

၁၉၄၈ ခုနှစ် မွန်တော်လှန်ရေးစတင်သည့်ကာလတွင် ဖခင်ဖြစ်သူ မွန်တိုင်းရင်းသားအစည်းအရုံး ဒုဥက္ကဌ နိုင်အောင်ထွန်းနှင့်အတူ တော်လှန်ရေးနယ်မြေသို့ နိုင်တင်အောင် အသက် ၁၁ နှစ်သားခန့် အရွယ်ကတည်းက ရောက်ရှိခဲ့ကြောင်း သိရသည်။  

နိုင်တင်အောင်သည် အခြေခံပညာကိုပငကျေးရွာတွင်စတင်ဆည်းပူး၍ ၂ တန်းမှစတင်ကာ မော်လမြိုင်မြို့ရှိ ခရစ်ယာန်သာသနာပြုစာသင်ကျောင်း မော်တင်လိန်း ဂျပ်ဆင်” တွင် ပညာသင်ကြားခဲ့ပြီး ၁၀ တန်းကို ရန်ကုန်မြို့ရှိပုဂ္ဂလိကကျောင်းတစ်ကျောင်းခုတွင် တက်ရောက်အောင်မြင်ခဲ့သည်။

မြန်မာနိုင်ငံအင်္ဂလိပ်အုပ်ချုပ်စဉ်ကာလ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၃၁ ရက် (စနေ) နေ့တွင် ထိုစဉ်က ကျိုက်ခမီခရိုင်၊ ကျိုက်ခမီမြို့နယ် ပငပငကျေးရွာသူကြီး ဖခင် နိုင်အောင်ထွန်းနှင့် မိခင် မိအေးစိန်တို့မှ ၁၉၃၇ ခုနှစ် ဇူလိုင်လ ၃၁ ရက်။ ကောဇာ ၁၃၉၉ ခုနှစ် ဒုတိယဝါဆိုလပြည့်ကျော် ၉ ရက် စနေနေ့တွင် “နိုင်တင်အောင်” အား မွေးဖွားသန့်စင်ခဲ့ပြီး မွေးချင်း ၁၂ ဦးအနက် တတိယမြောက်ဖြစ်ကြောင်း ၄င်း၏အင်တာဗျူးပြောပြချက်အရ သိရသည်။

ယခုကွယ်လွန်ချိန်တွင် ပငကျေးရွာ၌ ဇနီး မိရင်စိန်၊ သားသမီး ၃ ဦး (အခြားသားသမီး ၂ ဦး ကွယ်လွန်) နှင့်အတူ မြေများကျန်ရစ်လျက်ရှိသည်။

 
 

 

 

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...