ဇနီးနှင့်သားတို့အား အလဲအလှယ်ပြုလုပ်၍ နှီးပဒေါကျေးရွာ NLD ဥက္ကဌ ဖမ်းဆီးခံရဟုဆို

ဇနီးနှင့်သားတို့အား အလဲအလှယ်ပြုလုပ်၍ နှီးပဒေါကျေးရွာ NLD ဥက္ကဌ ဖမ်းဆီးခံရဟုဆို

ထွက်ပြေးတိမ်းရှောင်နေခဲ့ရသော မုဒုံမြို့နယ် နှီးပဒေါကျေးရွာ NLD ဥက္ကဌ ဦးဝင်း (ခ) အဝင်းသည် ကျေးရွာအာဏာပိုင်များထံ အဖမ်းဆီးခံလိုက်ရသည့် ၄င်း၏ဇနီးနှင့်သားတို့ ၂ ဦးအား အလဲအလှယ်ပြုလုပ်၍ ယမန်နေ့ (အောက်တိုဘာ ၄) တွင် အဖမ်းခံလိုက်ရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“နိုင်မန်း အသတ်ခံရကတည်းက သူတို့မိသားစုအားလုံး တောထဲက သူတို့ခြံထဲပြောင်းသွားကြပြီး သွားပုန်းနေကြတာပေါ့၊  အခု သူ့သားနဲ့ဇနီးတို့က ရွာအုပ်ချုပ်ရေးမှူးရုံးမှာ ထောက်ခံစာလာလုပ်ရင်း အဖမ်းခံလိုက်ရတယ်၊ နောက်ပြီး သူ့ကိုရွာပြန်လာဖို့ သူ့သားနဲ့ဇနီးက ဖုန်းနဲ့ခေါ်လိုက်တယ်၊ အိမ်ရောက်တော့ ရဲနဲ့စစ်တပ် လာဖမ်းသွားတယ်” ဟု ၄င်းက ဆိုသည်။  

သေဆုံးခဲ့ရသည့် နှီးပဒေါကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်မန်းကို သေနတ်ပစ်သတ်ခဲ့သည့်ထဲတွင် ပါဝင်သည်ဟု သံသယရှိသူ နှီးပဒေါ NLD ဥက္ကဌထံမှ လုပ်သေနတ်တစ်လက်နှင့် လိုင်စင်မဲ့ယာဥ်တစ်စီးပါ ဖမ်းဆီးရမိခဲ့သည်ဟု နစကစစ်ဘက်အာဏာပိုင်တစ်ဦးက Facebook တွင် ရေးသားဖော်ပြထားသည်။

နစကကောင်စီရွေးချယ်ခန့်အပ်ထားသော နှီးပဒေါကျေးရွာအုပ်ချုပ်ရေးမှူး နိုင်မန်း (ခ) အမန်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်က လုပ်ကြံပစ်သတ်ခံရမှုအပေါ် သံသယရှိသူရွာသားအချို့တို့ ထိုစဥ်က အဖမ်းခံလိုက်ရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း ကျန်ရှိနေသော တိမ်းရှောင်နေရသည့် NLD ပါတီနှင့်နီးစပ်သူအချို့မှာ ထွက်ပြေးနေရဆဲဖြစ်ကြောင်း နှီးပဒေါရွာခံတစ်ဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ ထွက်ပြေးတိမ်းရှောင်လျက်ရှိသော ရေးမြို့နယ် NLD အမတ်ဟောင်း ဦးမျိုးဝင်း၏ မိခင်နှင့်သမီးဖြစ်သူကို အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာက စစ်ဆေးမေးမြန်းလိုသဖြင့် စစ်တပ်ထဲ ခေါ်ဆောင်သွားပြီး အောက်တိုဘာ ၄ ရက် နေ့လယ်ပိုင်း၌ မိခင်ဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း သမီးဖြစ်သူကို ရေးမြို့မရဲစခန်း၌ ဆက်လက်ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...