စစ်တပ်က ဖယ်ရှားခိုင်းသည့် မြေနေရာ‌ပေါ်က နေအိမ်များကိုယ်တိုင် ဖြိုဖျက်ဖယ်ရှားနေ

စစ်တပ်က ဖယ်ရှားခိုင်းသည့် မြေနေရာ‌ပေါ်က နေအိမ်များကိုယ်တိုင် ဖြိုဖျက်ဖယ်ရှားနေ
ရေထွက်ကြီးကျေးရွာဒေသခံများက နေအိမ်များကို ဖြိုဖျက်နေစဉ်
ရေထွက်ကြီးကျေးရွာဒေသခံများက နေအိမ်များကို ဖြိုဖျက်နေစဉ်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာသုံးရွာက ဒေသခံများကို တပ်ပိုင်မြေပေါ်တွင် နေထိုင်သည်ဟုဆိုကာ စစ်တပ်က ဖိအားပေး ဖယ်ရှားခိုင်းသည့်အတွက် လက်ရှိတွင် ရွာသူ၊ ရွာသားများက နေအိမ်များကို ၎င်းတို့ကိုယ်တိုင် ဖြိုဖျက်ကာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့‌နေကြကြောင်း ဒေသခံများက ပြောသည်။

စဉ့်ကူးမြို့တောင်ဘက် ငွေတောင်ကျေးရွာ၊ ညောင်ဝန်းကျေးရွာနှင့် ရေထွက်ကြီးကျေးရွာ သုံးခုက နေအိမ်များကို သုံးရက်အတွင်း ဖြိုဖျက်ဖယ်ရှားပေးကြရန်နှင့် မဖယ်ရှားပေးပါက နေအိမ်များကို မီးရှို့မည်ဟု စက်တင်ဘာ ၂၄ ရက်နေ့တွင် အာဏာသိမ်း စစ်ကောင်စီတပ်က လာရောက် ခြိမ်းခြောက်ပြောဆိုပြီးနောက် ဒေသခံများက ဘေးလွတ်ရာသို့ ပြောင်းရွှေ့‌နေရခြင်းဖြစ်သည်။

“စစ်တပ် ဖျက်ဆီးတာမခံရဖို့ ကိုယ့်အိမ်ကို ဖျက်ပေးရတာပေါ့။ စစ်တပ်က ဖျက်ဆီးရင် အားလုံး လူမဆန်တဲ့လုပ်ရပ်နဲ့ လုပ်မှာ။ မဖျက်ရင် မီးရှို့မယ်လို့ ပြောထားတယ်” ဟု ရေထွက်ကြီး ကျေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဒေသခံများအနေဖြင့် အိမ်ပြန်ဆောက်ရန် မြေနေရာ မရှိ၍ နေအိမ် ဖြိုဖျက်ရာမှ ထွက်ရှိလာသည့် နေအိမ်အပိုင်းအစများကို နီးစပ်သူတချို့ထံ အကူအညီတောင်းကာ စုပြုံထားရပြီး အသိမိတ်ဆွေ နေအိမ်တချို့တွင် ခိုကပ်နေထိုင်နေရကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ဖိအားပေး ခြိမ်းခြောက် ဖယ်ရှားခိုင်းသည့် ကျေးရွာသုံးရွာသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် မန္တလေးမြို့ အမှတ် (၁၂၁) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်က တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့သည့် မြေနေရာများဖြစ်သည်။

ထိုစဉ်က ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း မြေဧက ၃,၀၀၀ ကျော်နှင့် ရေထွက်ကြီးကျေးရွာရှိ မြေဧက ၅၀၀ ကျော် သိမ်းဆည်းခံလိုက်ရခြင်းဖြစ်ပြီး လျော်ကြေးငွေလည်း မရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စဉ့်ကူးမြို့နယ် တောင်ဘက်ခြမ်းတွင် တည်ရှိသော ရေထွက်ကြီးကျေးရွာတွင် အိမ်ထောင်စု ၄၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ပြီး ငွေတောင်ကျေးရွာ နှင့် ညောင်ဝန်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၆၀၀ ကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်နှင့် NLD အစိုးရလက်ထက်တွင် မြေယာဥပဒေအတိုင်း တပ်သိမ်းမြေကို ပြန်လည်ပေးအပ်ရန် လျှောက်ထားတောင်းခံခဲ့သော်လည်း စစ်တပ်က ပြန်လည်စွန့်လွှတ်ခဲ့ခြင်း မရှိခဲ့ဘဲ စစ်တပ်နှင့် ဒေသခံများကြား မြေယာအငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

လက်ရှိ စစ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က အဆိုပါ ကျေးရွာသူ ကျေးရွာသားများကို တပ်ပိုင်မြေတွင် ဝင်ရောက်နေထိုင်သည်ဟုဆိုကာ နေအိမ်များဖြိုဖျက်ပြီး ရက်ပိုင်းအတွင်း ပြောင်းရွှေ့ထွက်ခွာပေးရန် ဖိအားပေး ပြောဆိုလာခြင်း ဖြစ်သည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...