မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံဟု ဂျပန်ပြော

မြန်မာ့အရေးဖြေရှင်းရန် အာဆီယံအထူးသံတမန်ကို အပြည့်အဝထောက်ခံဟု ဂျပန်ပြော

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ပေါ်‌ပေါက်နေသည့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန် အာရီဝမ် ယူဆွတ်ဒ်ကို ဂျပန်နိုင်ငံက အပြည့်အဝထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆုမိုတဲဂီက စက်တင်ဘာ ၈ ရက်က ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သည့် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရီဝမ်နှင့် မိနစ် ၃၀ ကြာ တယ်လီကွန်းဖရင့်ဖြင့် တွေ့ဆုံခဲ့ရာတွင် အာဆီယံသံတမန်အနေဖြင့် မြန်မာနိုင်ငံသို့ တတ်နိုင်သမျှ အစောလျင်ဆုံး သွားရောက်နိုင်ရေးအတွက် ၎င်းက ဆန္ဒပြုပါကြောင်း ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံး ခုခံတော်လှန်ကြရေး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်တို့အကြား အဆိုပါ ဆွေးနွေးမှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံအထူးသံတမန် အာရီဝမ်အနေဖြင့် ၎င်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သက်ဆိုင်သူ အားလုံးနှင့် တတ်နိုင်သမျှ တွေ့ဆုံဆွေးနွေးသွားနိုင်ရန် အရေးကြီးကြောင်းနှင့် ၎င်း၏ တာဝန် ပြီးမြောက်စေရေး ကူညီရန် ဂျပန်ဘက်က တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မိုတဲဂီက ကတိပြုခဲ့သည်။

အာဆီယံ ၁၀ နိုင်ငံ၏ အစည်းအဝေးတစ်ခုတွင် သဘောတူခဲ့သည့် “ဘုံသဘောတူညီချက် ငါးချက်” ကို ဖော်ဆောင်ရန် စစ်တပ်ကို စေ့ဆော်ပေးနိုင်သည့် မြန်မာသို့ လူသားချင်းစာနာမှုအကူအညီ ကမ်းလှမ်းမည့် ဂျပန်နိုင်ငံ၏ အစီအစဉ် တိုးတက်မှုအခြေအနေနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးသံတမန်ကို ရှင်းပြခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည့် ဧပြီလ အာဆီယံအစည်းအဝေး ဘုံသဘောတူညီချက်များထဲတွင် မြန်မာနိုင်ငံတွင် ထိန်းသိမ်းဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု ရပ်ဆိုင်းရေးနှင့် ဒီမိုကရေစီလုပ်ငန်းဆီ ပြန်သွားရေးတို့ ပါဝင်သည်။

မြန်မာနိုင်ငံသို့ စက်တင်ဘာလလယ် အစောဆုံးထားပြီး လူသားချင်းစာနာမှုအကူအညီ ပထမဆုံးအသုတ်ကို အဆင်ပြေ ချောမွေ့စွာ ပေးပို့နိုင်‌ရေးအလို့ငှာ မြန်မာပဋိပက္ခတွင် ပါဝင်နေသည့် ဘက်ပေါင်းစုံမှ လေးလတာ အပစ်ရပ်ရေး တောင်းဆိုခဲ့ကြောင်း မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်က ပြီးခဲ့သည့် စနေနေ့ အွန်လိုင်း အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။

မြန်မာတွင် ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်အတွက် စစ်တပ်က ၎င်းကို ခွင့်ပြုချက် မပေးသေးကြောင်း အာဆီယံအထူးသံတမန် အာရီဝမ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် အခြားသူများအပေါ် စစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုများကြောင့် သေဆုံးသူ ၁,၀၀၀ ကျော် ရှိနေခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောခဲ့သည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...