ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိနေဆဲဖြစ်သည့်အတွက် မပေါ့ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူပြော

ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိနေဆဲဖြစ်သည့်အတွက် မပေါ့ကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူပြော

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများ တွေ့ရှိနေဆဲဖြစ်သည့်အတွက် ပြည်သူလူထုများအနေဖြင့် မပေ့ါဆရန်နှင့် မိမိအသိစိတ်ဖြင့် နေထိုင်ကြရန် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က အသိပေးပြောကြားသည်။

ယခင်က ကိုဗစ်ရောဂါပိုးရှိ/မရှိ လူ (၁၀၀) အား စစ်ဆေးလျှင် (၆၀) ရာခိုင်နှုန်းခန့်တွင် ရောဂါပိုးတွေ့ရှိခြင်းများရှိခဲ့ပြီး လက်ရှိတွင် လူ (၁၀၀) စစ်ဆေးလျှင် ၂၀ ကျော်ခန့်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိရသော်လည်း မပေါ့ဆရန်လိုကြောင်း ၎င်းကပြောသည်။

“အခုချိန်မှာ ကူးစက်မှုကရှိနေဆဲဖြစ်တယ်။ ဘယ်သူ့ဆီမှာ ရောဂါပိုးရှိမှန်းမသိတဲ့အတွက် ကျန်းမာရေးကောင်းတဲ့သူထင်ပြီး ဆက်ဆံမိရင်လည်း ကူးသွားနိုင်တယ်။ ကာကွယ်ထိန်းသိမ်းမှုပိုင်းနဲ့ စည်းကမ်းလိုက်နာမှုအပိုင်းက မိမိကိုယ်ပေါ်မှာမူတည်တယ်။ ဘယ်သူက ဘာလုပ်ပေးတယ်၊ ဘာမလုပ်ပေးဘူးဆိုတာထက် ကိုယ်ကိုယ်တိုင်က ရောဂါပိုးမကူးစက်ဖို့ သတိအသိနဲ့နေရမှာဖြစ်တယ်” ဟု ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးအပတ်မှစတင်ကာ ကိုဗစ်ရောဂါပိုးတွေ့ရှိမှု လျော့နည်းလာခြင်းဖြစ်ပြီး ကိုဗစ်စည်းကမ်းများကို ဆက်၍လိုက်နာရန်လိုအပ်ကြောင်း ဆိုသည်။

ပြည်သူများအစုမှာ ကိုဗစ်စည်းကမ်းများကို လိုက်နာကာ သွားလာလှုပ်ရှားနေသည်ကိုတွေ့ရသည်ဟု စစ်တွေမြို့အခြေစိုက် ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ကိုသန်းလှက ပြောသည်။

“ပုံမှန်အားဖြင့်တော့ လူစုလူဝေးသိပ်မရှိဘူး။ ပုံမှန်စျေးတွေဖွင့်တာတွေရှိတယ်၊ အရင်လိုတော့မဟုတ်ဘူး။ များသောအားဖြင့် လူတွေ နှာခေါင်းစည်းတွေတပ်ပြီး သွားလာနေကြတာမြင်ရတယ်။ တစ်ခုရှိတာက ကျန်းမာရေးကို ကျန်းမာရေးရှုထောင့်ကနေပြီးလုပ်ဖို့လိုအပ်တယ်။ ဒီနေရာမှာ ကျန်းမာရေးကို ကျန်းမာရေးအရမလုပ်ဘဲ နိုင်ငံရေးလိုဝင်ပြီးလုပ်လာတာကိုမြင်ရတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုထံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုအခြေအနေကို သိရှိနိုင်ရန်အတွက် ကိုဗစ်ရောဂါပိုးရှိ/မရှိကို ကျပန်းအနေဖြင့် ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ (၄၁၂) ဦးနှင့် ရောဂါပိုးတွေ့ရှိသူစုစုပေါင်း (၃၄၆၀) ဦးအထိရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စက်တင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

လက်ရှိ ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသေးသည့် ဂွမြို့နယ်တွင် နံနက် ၅ နာရီမှ နေ့လယ် ၁၂ နာရီနောက်ပိုင်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မထွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီး စည်းကမ်းချိုးဖောက်သူများကို ထောင်ဒဏ် ၁ လချမှတ်ကာ အရေးယူလျက်ရှိနေသည်။

ယနေ့ စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ဂွမြို့နယ်ဆေးရုံတွင် ကိုယ်ဗစ်အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်းလည်း ဂွမြို့လူမှုကူညီရေးအသင်းမှ သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိသည့် အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဧရာဝတီတိုင်း၊ မကျီးဇင်ကျေးရွာမှဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့က ဂွမြို့နယ်ဆေးရုံသို့တက်ရောက်လာပြီး ယနေ့နံနက်က သေဆုံးသွားခြင်းဖြစ်ကြောင်း ဂွမြို့နယ်၊ ကင်းရုံလူငယ် ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဖိုးချစ်ကပြောသည်။

"ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးဆုံးသွားပါတယ်။ သူက ဧရာဝတီတိုင်းကပါ။ အဲဒီလူတွေက ဒီဖက်ဆေးရုံနီးတော့ ဒီဖက်မှာလာကုသကြတယ်။ အဲဒီကလေးမလေးကလဲ မနေ့က အောင်ဆီဂျင်ကျပြီး ရောက်လာတာဖြစ်တယ်ဆိုတော့ ဒီနေ့ဆုံးသွားခဲ့တယ်" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကြောင့်သေဆုံးသွားသည့် အမျိုးသမီး ၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဂွမြို့နယ်တွင် စက်တင်ဘာ ၇ ရက်နေ့အထိ ကိုဗစ်ကူးစက်အတည်ပြုလူနာ (၈၇၃) ဦးရှိပြီး သေဆုံးသူ ၂၃ ဦးရှိကြောင်းလည်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...
ဓာတ်ပုံ - (ပေးပို့ / စစ်အုပ်စုတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဦးကျော်သန်းလွင်)
August 24, 2026
မလေးရှားနိုင်ငံမှ ရခိုင်ပြည်သို့ ပြန်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကိုင်းတိုင်း၊...