NUG CDM များကို ဖိတ်ခေါ်ထားခြင်းမဟုတ် လူအခွင့်အရေးအရ ကူညီထားခြင်းဟု KNU မှ ပဒိုစောသမိန်ထွန်းပြော

NUG CDM များကို ဖိတ်ခေါ်ထားခြင်းမဟုတ် လူအခွင့်အရေးအရ ကူညီထားခြင်းဟု KNU မှ ပဒိုစောသမိန်ထွန်းပြော
ပဒိုစောသမိန်ထွန်း ( ပုံ-ကေအိုၚ်စီ)
ပဒိုစောသမိန်ထွန်း ( ပုံ-ကေအိုၚ်စီ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)များကို ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ဖိတ်ခေါ်ထားခြင်း မဟုတ်ဘဲ လူအခွင့်အရေးအရ ကူညီထားခြင်း ဖြစ်ကြောင်း KNU မှ ဗဟိုအလုပ်မှုဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းက စက်တင်ဘာ ၅ ရက်တွင် ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှ ပြောကြားခဲ့သည်။

“အခု NUG တို့ CDM တို့ကို ကျနော်တို့ ဖိတ်ခေါ်တာမဟုတ်ဘူး။ သူတို့ဖာသာ သူတို့ရောက်လာတာ။ ရောက်လာတဲ့အပေါ်မှာ ကျနော်တို့ လက်မခံရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့က ပြောတော့ ဒီမိုကရေစီ၊ ဒီမိုကရေစီ တကယ့်တိုင်းပြည်ကို ငြိမ်းချမ်းရေးရချင်တယ်။ စစ်အာဏာရှင်က တစ်ပြည်လုံးကို ဖျက်လိုက်တဲ့အခါကြတော့ ဒီလိုလူတွေပြေးလာတာ လက်မခံရင် ကျနော်တို့လည်း ဘာထူးမလဲ” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်မှ အာဏာရယူပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုများနှင့်အတူ NUG၊ CDM များ KNU နယ်မြေသို့ ဝင်ရောက်ခိုလုံခဲ့ကြပြီး ၎င်းတို့နှင့် အတူ ညှိနှိုင်းကာ ဘုံတူညီချက်ဖြင့် စစ်အာဏာရှင်ကို တိုက်ထုတ်ရမည်ဟု ၎င်းက ဆိုသည်။

KNU နယ်မြေသို့ NUG၊ CDM များ ရောက်လာခြင်းကြောင့် အင်မတန်မှ တာဝန်ကြီးသလို ၎င်းကိစ္စကြောင့်လည်း စစ်တပ်က KNU အပေါ်ရန်ညိုးကြီးမားကြောင်း ပဒိုစောသမိန်ထွန်းက ဆိုသည်။

“CDM တွေ ကျနော်တို့ နယ်ထဲရောက်လာလို့လည်း ကျနော်တို့အတွက် တာဝန်လည်း တအားကြီးတယ်၊ တာဝန်တအားကြီးလို့ အမှားမဖြစ်အောင် ထိန်းသိမ်းဖို့လည်း ကျနော်တို့ လိုတယ်။ စစ်အာဏာရှင် ကျနော်တို့အပေါ် ရန်ညိုးကြီးမားတာလည်း ဒီကိစ္စပဲ။ ဒါကြောင့်မို့ ကျနော်တို့အားလုံးက သတိနဲ့ ဆောင်ရွက်ပါ။ ကိုယ့်အမှားတွေ မဖြစ်ပါစေနဲ့” ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

KNU နယ်မြေသို့ NUG၊ CDM များ ရောက်ရှိနေခြင်းကြောင့် KNU ကို စစ်တပ်မှ ဖြိုခွဲရန်စီစဉ်နေပြီး ၎င်းကိစ္စကို ခေါင်းဆောင်များအနေဖြင့် နားလည်ဖို့ လိုအပ်သည်ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ကြီးနေဝင်းကို တော်လှန်သည့် ဦးနု၏ ပြည်ချစ်လွတ်မြောက်ရေးတပ်ဖွဲ့၊ ၈၈၈၈ အရေးအခင်း ယင်းကာလများတွင်လည်း KNU နယ်မြေသို့ အတိုက်အခံ နိုင်ငံရေးပါတီများ၊ ကျောင်းသားတပ်ဖွဲ့များ၊ ပြည်သူများ အများအပြား အလားတူ ရောက်ရှိလာခဲ့ကြသည်ဟု ဆိုသည်။

KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက “ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူတွေအပေါ်မှာလည်း ဘယ်လိုဘဲ ဖြစ်ဖြစ် လူသားချင်းစာနာထောက်ထားမှုအရ နိုင်ငံတကာရဲ့ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့လည်း အကျုံးဝင်တဲ့ဟာတွေ ဖြစ်တဲ့အတွက် ကျနော်တို့က သူတို့ကို လက်ခံတယ်။ လက်ခံတာဖြစ်တဲ့အတွက် နည်းနည်းနောနော ဦးရေတွေ မဟုတ်ပါဘူး။ ဒါတွေလည် သိပြီးသားပါ” ဟု ဩဂုတ်က ပြောဆိုခဲ့ဖူးသည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...