တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများ လစာမရ

တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမများ လစာမရ

အခြေခံပညာကျောင်းများရှိ တိုင်းရင်းသားဘာသာသင် နေ့စားလပေးဆရာ၊ ဆရာမ (TA) များ ဇူလိုင်လနှင့် သြဂုတ်လအတွက် လစာမရတော့ကြောင်း သိရသည်။

ပြီးခဲ့သည့်ပညာသင်နှစ် ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားနေစဉ် အစိုးရစာသင်ကျောင်းများ ယာယီပိတ်ထားသော်လည်း တိုင်းရင်းဘာသာသင်ဆရာ၊ဆရာမများ လစာပုံမှန်ရရှိခဲ့ကြာင်း၊ ကျောင်းပြန်လည်ဖွင့်လှစ်သည့် ဇွန်လတွင် ပုံမှန်လစာရရှိခဲ့သော်လည်း တကြော့ပြန်ကိုဗစ်ကူးစက်မှုကြောင့် ကျောင်းပြန်လည်ပိတ်ထားသည့် ဇူလိုင်လမှ လက်ရှိအချိန်ထိ လစာမရခြင်းဖြစ်ကြောင်း မွန်တိုင်းရင်းသားဘာသာသင် ဆရာမတစ်ဦးက ပြောသည်။

“လစာမရနေတာ ၂ လရှိနေပြီ၊ ရုံးက ကျွန်မတို့ကိုဘာမှမပြောဘူး၊ အခြားမြို့နယ် ပြည်နယ်တွေမှာလည်း မရဘူးလို့ကြားတယ်၊ ဒီလိုချိန်မှာ လစာမရတော့ အားလုံးအခက်တွေ့ကြတာပေါ့ အချို့ဆရာမတွေ့ အလုပ်ထွက်တော့မယ်လို့ပြောလာတာလည်းရှိတယ်” ဟု မွန်ဘာသာသင် ဆရာမတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

သို့ရာတွင် အခြေခံပညာဦးစီးဌာန နေပြည်တော်မှ တိုင်းရင်းသားဘာသာသင် (Teaching Assistant-TA) (Language Teacher-LT) နေ့စားလပေးဆရာ၊ ဆရာမများ၏ ပုံလျှံရန်ပုံငွေများ ပြန်လည်ရုပ်သိမ်းခြင်း ခေါင်းစဉ်အောက်မှ ပုံလျှံရန်ပုံငွေကျပ် (၅,၈၃၄,၃၅၈) ကျပ်ငါးရာရှစ်ဆယ့်သုံးသန်း လေးသိန်းသုံးသောင်းငါးထောင်ရှစ်ရာတိတိကို သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံး MD များမှ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သြဂုတ်လ ၂၆ ရက်နေ့အကြောင်းကြားစာ မိတ္တူများကို လူမှုကွန်ယက်ပေါ်တွင်တွေ့ရှိရသည်။

“ကျောင်းမတက်လို့ လစာမရဘူးဆိုလည်း တစ်မျိုးပေါ့နော်၊ အခုဟာက ကျောင်းမဖွင့်လို့သာကျောင်းမတက်ရတာလေ လစာက ဘာမှမဟုတ်ပေမယ့် ဒီငွေလေးကိုတော့ ကျွန်မတို့မျှော်လင့်မိပါတယ်” ဟု အဆိုပါဆရာမက ဆက်ပြောသည်။

တိုင်းရင်းသားဘာသာသင် ဆရာ/ဆရာမသည် အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေးဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ နှုန်းဖြင့် တစ်လလျှင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ရရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း အစိုးရစာသင်ကျောင်းအသီးသီးတွင် မွန်စာသင် ၂၇၀ ကျောင်း၊ ကရင်စာသင် ၂၇၃ ကျောင်းနှင့် ပအိုဝ့်စာသင် ၃၀ ကျောင်းရှိပြီး နေ့စားလပေး ဆရာ/ဆရာမပေါင်း ၁၂၀၀ ကျော်ရှိသည်။

May 16, 2026
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်ဒေသရှိ ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေ...
May 15, 2026
မွန်ဒေသအသီးသီး၌ အသစ်ဆောက်လုပ်နေသည့် မွန်အမျိုးသားကျောင်း ၄ ကျောင်းထက်မနည်း လာမည့် ပညာသင်နှစ်...
May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...