တိုက်ပွဲကာလကမီးလောင်သွားခဲ့သည့် ပလက်ဝမြို့နယ်မှနေအိမ်များကို ပြန်ဆောက်ပေးနေသော်လည်း လူမနေထိုင်မီ ယိုယွင်းမှုများရှိသည်ဟုဒေသခံများပြော

တိုက်ပွဲကာလကမီးလောင်သွားခဲ့သည့် ပလက်ဝမြို့နယ်မှနေအိမ်များကို ပြန်ဆောက်ပေးနေသော်လည်း လူမနေထိုင်မီ ယိုယွင်းမှုများရှိသည်ဟုဒေသခံများပြော

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ရွာလုံးကျွတ်မီးလောင်သွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ကြက်ဥဝကျေးရွာမှနေအိမ်များကို ပြန်လည်တည်ဆောက်ပေးသော်လည်း နေအိမ်များမှာ လူနေထိုင်မှုမပြုမီ ယိုယွင်းပျက်စီးမှုများရှိနေသည်ဟု ဒေသခံများကပြောသည်။

အဆိုပါနေအိမ်များကို နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) မှ ၁၈ ဆောင်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၇ ဆောင်ဖြင့် ၂၀၂၀ ခုနှစ် ဧပြီလမှ စတင်ဆောက်လုပ်ခဲ့ပြီး လာမည့်စက်တင်ဘာလတွင် အပြီးသတ်ဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့နေအိမ်များဆောက်လုပ်ရာ၌ နတလမှဆောက်လုပ်သည့်နေအိမ်များမှာ မပြီးစီးမီ ပထမဆောက်လုပ်ထားသည့်နေအိမ်များ ယိုယွင်းပျက်စီးမှုများရှိနေသည်ဟု ကြက်ဥဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာစိန်ဖြူက DMG ကို ပြောသည်။

“ကျနော်တို့ကို ၉ လပိုင်းမှာ အပြီးဆောက်ပေးမယ်ဆိုပြီးတော့ပြောတယ်။ အခုက နေအိမ်တွေလည်းမပြီးသေးဘူး။ ကျေးလက်ကဆောက်ပေးတဲ့ ၂၇ ဆောင်တော့ပြီးသွားပြီ။ ဒါပေမဲ့ နတလကဆောက်ပေးတာက မပြီးသေးဘူး။ တစ်ဝက်လောက်ပြီးတာကပြီးနေပြီ။ ဘာတစ်ခုမှမပြီးသေးတာလည်းမပြီးသေးဘူး။ တန်းလန်းထားထားတယ်။ နွယ်ခြုံတွေတောင်တက်နေပြီ။ နတလကဆောက်ပေးတဲ့ နေအိမ်တွေက သစ်ပွသားတွေနဲ့ ဆောက်ထားတာဖြစ်တဲ့အတွက် ပျဉ်တွေအကုန်လုံးဆွေးနေပြီ။ ကျိုးပဲ ့နေတာလည်းရှိတယ်“ ဟု ဆိုသည်။

ဆောက်လက်စနေအိမ်များကို ဆက်လက်ဆောက်လုပ်ရန်အတွက် ကန်ထရိုက်တာဝန်ခံများကို ဒေသခံများက ဖုန်းဖြင့်အဆက်သွယ်လုပ်ကြသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိဟု ကြက်ဥဝကျေးရွာ ဒေသခံ ဦးစံကျော်ကပြောသည်။

“နေအိမ်တွေကို ဆောက်လုပ်ပေးရင်လည်း အနည်းဆုံး ၃ နှစ်လောက်နေလို့ရအောင် ဆောက်လုပ်ပေးစေချင်တယ်။ အခုက နေတောင်မနေရသေးဘူး ပျဉ်တွေကျိုးနေတာတွေ၊ ပိုးထိုးနေတာတွေဖြစ်နေပြီ။ ကန်ထရိုက်တာဝန်ခံတွေက ပလက်ဝမှာလည်းရှိတယ်။ ဒါပေမဲ့ ဆက်ပြီးတော့မဆောက်ပေးတာ ဘာကြောင့်လည်းတော့ ကျနော်တို့လည်းမသိဘူး“ ဟု ၎င်းကဆိုသည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၅၂ လုံးရှိသည့်အနက် လက်ရှိတွင် နေအိမ် ၄၅ လုံးဆောက်လုပ်နေခြင်းဖြစ်ပြီး ကျန်နေအိမ်များကို မည်သည့်အချိန်တွင် မည်သူတို့ကဆောက်လုပ်ပေးမည်ကို မသိရသေးကြောင်း ကျေးရွာသားများကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကန်ထရိုက်တာဝန်ခံ ကိုနေလင်းအောင်က “အိမ်တွေကိုဆောက်နေပါတယ်။ ဘယ်တော့ပြီးမှာလည်းဆိုတာကို ကျနော်တို့လည်းမသိဘူး“ ဟု ပြောသည်။

ကြက်ဥဝကျေးရွာသားများမှာ မိမိကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်လိုသော်လည်း အစိုးရခွင့်ပြုချက်မရရှိသည့်အတွက် ဝိသုတာရုံစစ်ဘေးရှောင်စခန်းတွင် ဆက်လက်နေထိုင်နေကြရကြောင်း သိရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံများ ကျေးရွာကိုထွက်ပြေးတိမ်းရှောင်နေစဉ် ၂၀၂၀ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့က ကြက်ဥဝကျေးရွာမှာ ရွာလုံးကျွတ်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲကာလအတွင်း မီးလောင်သွားသည့်ကျေးရွာများမှာ ကြက်ဥဝကျေးရွာအပြင် အောက်မီးလက်ဝ၊ သမန်းသားကျေးရွာ၊ သိမ်းသင်းကျေးရွာ၊ ဝက်မကျေးရွာ၊ ပြိုင်တံကျေးရွာ၊ လိပ်ခေါင်းကျေးရွာ၊ စက်ပူးတောင်ကျေးရွာ၊ မိစ္ဆာကျေးရွာ စသည့်ကျေးရွာတို့တွင် မီးလောင်မှုများကြောင့် နေအိမ်အများအပြား ဆုံးရှုံးခဲ့ရသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...