ပြည်သူ့ရင်ခွင် ခိုလှုံမယ့် ရဲနဲ့စစ်သားတွေကို အသက်အန္တရာယ် ကအစ ပင်စင်အထိ တာဝန်ယူမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) မှ ဒီကနေ့ ဩဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တရားမဝင် အာဏာသိမ်း စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူ့ရင်ခွင် ခိုလှုံရန် ဝန်ခံကတိပြုတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့သားကောင်းများ အဖြစ် အသိအမှတ်ပြုမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လုပ်သက်၊ ရာထူးနဲ့ ပင်စင်တို့ကိုလည်း အမျိုးသား ညီညွှတ်ရေး အစိုးရက ဆက်လက်တာဝန်ယူ ပေးမယ်လို့ ဆိုထားပါတယ်။
အဲ့ဒီနောက် လတ်တလော လိုအပ်တဲ့ အသက်လုံခြုံမှု၊ မိသားစု ဘဝလုံခြုံမှုနဲ့ ဘဝရပ်တည်မှု တို့ကိုလည်း အာမခံနိုင်တဲ့ ကူညီစောင့်ရှောက်မည့် အစီအမံတွေ ချမှတ်ပြီး ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ရင်ခွင် ခိုလှုံမည့်တပ်ရင်းတပ်ဖွဲ့များနဲ့ တပ်ဖွဲ့ဝင်ေတွကို တိုက်ခိုက်တာ၊ ဒဏ်ခတ် အရေးယူခြင်းတွေ မပြုလုပ်ဖို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မဟာမိတ်များ၊ ပြည်သူေတွကိုလည်း အသိပေး ညှိုနှိုင်း အကြောင်းကြား ထားမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေဟာဆိုရင် အသစ်ပြန်လည် ဖွဲ့စည်းမည့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်နဲ့ ရဲတပ်ဖွဲ့မှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ပူးပေါင်းနိုင်ရန် အတွက်လည်း အစီအစဉ်များ ချမှတ်ထားရှိ သွားမယ့်လို့ NUG အစိုးရရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အထက်ပါ မူဝါဒနဲ့အညီ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်သူ့ တပ်မတော်သားများနဲ့ ရဲတပ်ဖွဲ့ဝင်များ ကိုကြိုဆိုလက်ခံရေးနဲ့ တပ်များ ပေါင်းစည်းရေးအတွက် ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ပါဝင်တဲ့ အထူးကော်မတီတစ်ရပ် ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့လည်း အမျိုးသား ညီညွှတ်ရေး အစိုးရက အသိပေးခဲ့ပါတယ်။







