ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း မွန်တော်လှန်ရေး ဆက်လက်တည်ရှိနေမည်ဟု NMSP ထုတ်ပြန်

ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း မွန်တော်လှန်ရေး ဆက်လက်တည်ရှိနေမည်ဟု NMSP ထုတ်ပြန်

မိမိတို့ကြမ္မာ မိမိတို့ဖန်တီးနိုင်ခွင့် အခွင့်အရေးနှင့်ပြည့်စုံသော မွန်ပြည်သစ်ပေါ်ထွန်းလာရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်မရောက်မချင်း မွန်တော်လှန်ရေး ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီ NMSP ကြေညာချက် ထုတ်ပြန်လိုက်သည်။

“မိမိတို့ကြမ္မာ မိမိတို့ဖန်တီးနိုင်ခွင့် ပေါ်ထွန်းလာဖို့ဆိုတာ ယခုကျန်ရှိနေကြတဲ့ မွန်တစ်မျိုးသားလုံးရဲ့ တာဝန်သာဖြစ်တယ်၊ စစ်မှန်တဲ့ပြည်ထောင်စုပေါ်ထွန်းလာရေးအတွက် မွန်တစ်မျိုးသားလုံးအပါအဝင် မိမိတို့ပါတီ မိမိတို့တပ်မတော်ဟာ လက်ရှိမိမိတို့အမျိုးသားအနေအထားပေါ်မှာ ဇွဲဝိရိယ စိတ်ဓါတ်ခိုင်ခိုင်မာမာ စုစည်းညီညွတ်စွာ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်” ဟု မွန်ဘာသာဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ “မွန်တစ်မျိုးသားလုံး သွေးစည်းညီညွတ်ကြ” “လူမျိုးစုံချစ်ကြည်ရေးကိုတည်ဆောက်ကြ” “ပြည်ထောင်စုစစ်စစ် မုချပေါ်ထွန်းရမည်” ဆိုသည့် ကြွေးကျော်သံများဖြင့် မွန်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပသည့်နေရာများတွင် တောင်းဆိုခဲ့ကြသည်။

အလားတူ မွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေးသည်သာ အဓိကဖြစ်ပါကြောင်း၊ မွန်အမျိုးသားတို့သည် မိမိတို့အားသန်ရာဘက်က နည်းမျိုးစုံဖြင့် တော်လှန်တိုက်ပွဲဝင်နေကြကြောင်း၊  မည်သို့ပင်ဆိုစေကာမူ အမျိုးသားအကျိုးအတွက်ရှေးရှပြီး အမြင်ချင်းမတူညီကြသော်ငြား စုပေါင်းခေါင်းဆောင်မှုဖြင့် အားလုံးအတူတကွ ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း၊ ထို့အတူ “တော်လှန်ရဲမှ လွတ်လပ်မည်” အဆိုအမိန့်အတိုင်း ဆောင်ရွက်ကြပါရန် မွန်တမျိုးသားအားလုံးကို တိုက်တွန်းနှိုးဆော်လိုက်ပါကြောင်း (၇၄) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကျင်းပရေးကော်မတီ (မွန်ပြည်) က ယနေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

ထို့အတူ မွန်တော်လှန်ရေးကို မွန်အလံတော်အောက်တွင် သီးခြားဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် တော်လှန်ရေးအကွေ့အကောက်နေရာအသီးသီးတို့တွင် သူ့နေရာနှင့်သူ ကျရာအခန်းကဏ္ဍမှ တနည်းတဖုံ တိုက်ပွဲဝင်၍ ဆက်လက်ပါဝင်ဆောင်ရွက်ကြရန် နိုင်ငံတကာမွန်အသင်းအဖွဲ့များ Oversea Mon Coordinating Committee_OMCC က ယနေ့ နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းထားသည်။

“မွန်ပြည်နယ်ရရှိရေး” အတွက် ဥပဒေဘောင်အတွင်းမှတောင်းဆို၍မရသည့်အဆုံး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၈ လအကြာတွင် မွန်လူငယ်များတစ်ခုက အာဏာပိုင်များ၏ သေနတ်များကို လုယူပြီး တိုက်ပွဲဝင်လာသည်မှစတင်၍ မွန်တော်လှန်ရေးစတင်ခဲ့ကြောင်း၊ အဆိုပါ လက်နက်များလုယူခဲ့သည့် ဝါခေါင်လပြည့်နေ့ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် နှစ်စဥ်သတ်မှတ်ကျင်းပလာခဲ့သည်မှာ ၇၄ ကြိမ်မြောက်ရှိပြီ ဖြစ်သည်။

 
 

 

 

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...