သရက်စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး

သရက်စစ်လက်နက်စက်ရုံမှ စစ်သား ၁၅ ဦး လက်နက်များဖြင့် ထွက်ပြေး
ဓာတ်ပုံ - အဟောင်း
ဓာတ်ပုံ - အဟောင်း

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၁၂) မှ စစ်သား ၁၅ ဦးထက်မနည်း လက်နက်များနှင့်တကွ သြဂုတ်လ ၁၇ ရက်ညက ထွက်ပြေးသွားကြောင်း စက်ရုံနှင့်နီးစပ်သည့် စိတ်ချယုံကြည်ရသော သတင်းရင်းမြစ်များအရသိရသည်။

“လက်နက်ပါသွားတယ်ဆိုတာ ၁၅ ယောက်လုံး အပြည့်ပါသွားတာလား။ တချို့တလေပါသွားတာလားတော့ မသိဘူး။ ၁၅ ယောက်ထွက်ပြေးတာကတော့ ရာခိုင်နှုန်းပြည့်ကျိန်းသေတယ်” ဟု သတင်းအရင်းအမြစ်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စစ်အာဏာရှင်ဆန့်ကျင်သူများကိုနှိမ်နင်းရေးလုပ်ရန် ကပစ (၁၂) မှ စစ်ကူအနေဖြင့် အယောက် ၃၀ ပေးရန် ညွှန်ကြားချက်ထွက်လာပြီးနောက် ထိုသို့ထွက်ပြေးသွားခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

တပ်ပြေးသတင်းများနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လေ့မရှိသလို မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

ကပစ (၁၂) သည် သရက်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် တည်ရှိပြီး စခန်းကြီးကျေးရွာ၊ ပိတောက်ပင် ကျေးရွာတို့၏ တောင်ဘက် သုံးမိုင်ကျော်တွင်ရှိကာ ၁၂၀ မမ ၊ ၆၀ မမ၊ ၁၀၅ မမ၊ ၈၁ မမ ကျည်ဆံများကို ထုတ်လုပ်သည်။

“ကပစ စက်ရုံက လက်ရုံးတပ်ဆိုပေမယ့် အဲဒီ (ကပစ) ကနေ ရှေ့တန်းကို ပို့မှာကြားလို့ ထွက်ပြေးတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်” ဟု သရက်မြို့ခံတစ်ဦးက ပြောသည်။

ဒေသကာကွယ်ရေး PDF တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ အကျအဆုံးများ နေသည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်များကို အာဏာသိမ်းစစ်ကောင်စီက တပ်ကူအများအပြား မကြာခဏ စေလွှတ်နေရကြောင်း သိရသည်။

ထိုမြို့နယ်များတွင် ဒေသခံ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေပြီး လက်ရှိအချိန်ထိ နေ့စဉ်တိုက်ပွဲများ ဆက်ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း ထိုစစ်လက်နက်ထုတ် ကပစ အမှတ် (၁၂) စက်ရုံကနေ စစ်ကောင်စီတပ်သား ငါးဦးထွက်ပြေးခဲ့သည့်အနက် နှစ်ဦးကို ပြန်လည်ဖမ်းမိခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...