နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ရခိုင်ပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှု များပြားလာ

နိုင်ငံရေးမတည်ငြိမ်သည့်ကာလ ရခိုင်ပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှု များပြားလာ

ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ကုန်ခမ်းစပြုလာပြီဖြစ်ပြီး အချိန်မီထိန်းသိမ်းမှုများ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သော်လည်း လက်ရှိ နိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင် တရားမဝင်သစ်ခိုးထုတ်မှုများမှာ ပိုများလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ သစ်တောသယံဇာတများမှာ ထုတ်ယူမှုများပြားလာခြင်းကြောင့် တဖြည်းဖြည်းဆုတ်ယုတ်လာနေသည့်အချိန်တွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ပိုမိုယိုယွင်းလာနေပြီး အချိန်မီမထိန်းသိမ်းနိုင်ပါက ဂေဟစနစ်ယိုယွင်းမှုများဖြစ်ပွားလာနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

“လက်ရှိမှာ နိုင်ငံရေးမတည်ငြိမ်တာ၊ သစ်တောဝန်ထမ်းအချို့ CDM လုပ်တာတွေကြောင့် သစ်တောတွေကို အရင်လို သစ်တောဦးစီးဌာနက ကင်းလှည့်တာတွေ သိပ်ပြီးလုပ်နိုင်တာ မတွေ့ရတော့ဘူး။ ဒီတော့ အကျိုးဆက်အနေနဲ့ သစ်ခိုးထုတ်တဲ့လူတွေနဲ့ တရားမဝင်သစ်တောထွက်ပစ္စည်းတွေကို ထုတ်ယူနေတဲ့သူတွေ ပိုများလာတာတွေ့ရတယ်” ဟု ဒေါက်တာမောင်မောင်ကြည်က ဆိုသည်။

ယခင်က ရခိုင်ပြည်နယ်တွင် ဒီရေတောဧကလေးသိန်းကျော်အထိရှိခဲ့သော်လည်း လက်ရှိတွင် နှစ်သိန်းခန့်သာကျန်ရှိတော့ကာ ဒီရေတောများအပြင် သစ်တောဧရိယာများမှာလည်း တဖြည်းဖြည်းလျှော့ပါးလာနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ၏ မှတ်တမ်းများအရ သိရသည်။

“စာရင်းအတိအကျ မရနိုင်ပေမယ့် မြို့နယ်တိုင်းမှာရှိတဲ့ ကျွန်တော့်လူတွေရဲ့ ပေးပို့တဲ့သတင်းတွေအရ အခုလိုမျိုးပြောရတာဖြစ်တယ်။ ဒီကာလမှာ လူတွေရဲ့စားဝတ်နေရေးကြပ်တည်းတာရယ်၊ လုံခြုံရေးအားနည်းတာတွေရယ်ကြောင့် အခုလိုဖြစ်လာရတာလို့ပဲမြင်တယ်” ဟု ဒေါက်တာခင်မောင်ကြည်ကပြောသည်။

လက်ရှိ သစ်တောများပြုန်းတီးလာရခြင်းမှာ အလွန်အကျွံ တရားမဝင်သစ်ထုတ်မှုများအပါအဝင် စားဝတ်နေရေးကြပ်တည်းမှုကြောင့် အလွန်အကျွံခုတ်ယူများကြောင့်လည်းပါဝင်နေကြောင်း ရမ်းဗြဲမြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ကျော်နိုင်ကဆိုသည်။

“ကျွန်တော်တို့ဆီမှာရှိတဲ့ အကြီးဆုံးဝန်ဖိုက်ဒီရေတောမှာဆိုရင် အရင်တုန်းက လှေတွေနဲ့ပဲ အတွင်းပိုင်းကသစ်တွေကို ခုတ်ကြတာရှိတယ်။ အခုနောက်ပိုင်း ကားလမ်းကိုသုံးပြီး ကားလမ်းဘေးမှာရှိတဲ့ အပင်ကြီးတွေကိုပါခုတ်နေကြပြီ” ဟု ၎င်းကဆိုသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို သိမ်းဆည်းရရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်းလေးထောင်အထိရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

လက်ရှိအချိန်ထိ သစ်တန်ချိန်မည်မျှဖမ်းဆီးရမိထားသည်နှင့် သစ်တောဦးစီးဌာနမှ သစ်တောများအား မည်သို့ထိန်းသိမ်းစောင့်ရှောက်မှုများလုပ်ဆောင်နေသည်ကို ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနသို့ DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

သစ်တောသယံဇာတများထဲတွင် သစ်တောထွက် ကျွန်း၊ ပျဉ်းကတိုး အစရှိသည့်သစ်များအပြင် သစ်တောမှထွက်ရှိသည့် ဝါး၊ ကြိမ်၊ သစ်ဥသစ်ဖုနှင့် သစ်တောနှင့်ဆက်စပ်သည့်အရာအားလုံးပါဝင်သည်။

မြန်မာ့သစ်တောများတွင် အဓိကအားဖြင့် ရွက်ပြတ်ရောနှောတော၊ သမပိုင်းအမြဲစိမ်းတောနှင့် အပူပိုင်းအမြဲစိမ်းတောများ ပါဝင်ပြီး စာရင်းအချက်အလက်များအရ ဇီဝမျိုးစုံမျိူးကွဲ မျိုးစိတ်စုစုပေါင်း ၁၁,၈၂၄ ရှိကြောင်း၊ ယင်းတို့အနက် ၈ မျိုးမှာ ဒေသရင်းမျိုးစိတ်များဖြစ်ကာ မြန်မာနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့ရှိ သစ်တောနယ်မြေများတွင် မျိုးတုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အင်ဒိုချိုင်းနားကျား၊ အာရှဆင်နှင့် အာရှကြံ့သူတော်အများအပြား မှီတင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

မြန်မာ့ရွေးချယ်ခုတ်လှဲစနစ်(Myanmar Selection System)သည် လွန်ခဲ့သော ၁၉ ရာစုကတည်းကပင် မြန်မာနိုင်ငံ၌ စတင်အသုံးပြုခဲ့သည့် စဉ်ဆက်မပြတ်ထိန်းသိမ်းထားသော သစ်ထုတ်လုပ်ရေးဆိုင်ရာ သိပ္ပံနည်းကျစီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်ပြီး မြေယာလုပ်ပိုင်ခွင့်နှင့် ပဋိပက္ခများ၊ ရေတိုအကျိုးအမြတ်သာ အလေးပေးသည့် တရားမဝင်သစ်ထုတ်လုပ်မှုများအတွင်းမှ လူကြိုက်အလွန်များသည့် မြန်မာ့ကျွန်းသစ်ကို ပြည်ပသို့တင်ပို့ရောင်းချမှုများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှအစပြု၍ သစ်တောအတန်းအစား အလွန်အမင်းကျဆင်းခဲ့ရကြောင်း ကျွမ်းကျင်သူများကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ စစ်တမ်းများအရ  အိမ်နီးချင်းနိုင်ငံများတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာများ တိုးလာနေသော်လည်း မြန်မာနိုင်ငံတွင် ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းမှ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း စစ်တမ်းများအရသိရသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...