စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် ကိုဗစ်-၁၉ ကူးစက်ခံထားရဟုဆို

စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် ကိုဗစ်-၁၉ ကူးစက်ခံထားရဟုဆို

မြန်မာစစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရပြီး နှစ်ပတ်ခန့် ဆေးရုံ ဆက်လက် တက်ရောက်နေရဖွယ်ရှိသည်ဟု သတင်းရင်းမြစ်တစ်ဦးက သြဂုတ် ၁၂ ရက်တွင် ပြောခဲ့ကြောင်း AP သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ နှစ်ဦးစလုံးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် ပြီးခဲ့သည့် သုံးလေးရက်ခန့်ကတည်းက နေပြည်တော်ရှိ သိုက်ချောင်းစစ်ဆေးရုံတွင် တက်ရောက်နေရခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဆေးရုံအမှုထမ်းတစ်ဦးကိုကိုးကားပြီး AP သတင်းတွင် ဖော်ပြထားသည်။

ယခုအခါ ၎င်းတို့နှစ်ဦးသည် လုံခြုံရေးအပြည့်ဖြင့် ဆေးရုံ၏ အထူး VIP အဆောင်တစ်ခုတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း အမည်မဖော်လိုသည့်‌ ဆေးရုံဝန်ထမ်းက ပြောခဲ့သည်ဟု သိရသည်။

ဦးသန်းရွှေနှင့် ဇနီးတို့၏ ကိုဗစ်-၁၉ ရောဂါ ပြင်းထန်မှုအတိုင်းအတာကို မသိရှိကြောင်း အဆိုပါ ဆေးရုံဝန်ထမ်းသတင်းရင်းမြစ်က ပြောသည်။

လက်ရှိ အသက် ၈၈ နှစ်ရှိပြီဖြစ်သည့် ဦးသန်းရွှေသည် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံကိုအုပ်ချုပ်ခဲ့ပြီး ယင်းနောက် ၎င်းသည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရအမည်ခံ စစ်တပ်လိုလားသော အစိုးရတစ်ရပ်ထံ အာဏာလွှဲပေးပြီး အနားယူခဲ့သည်။

၎င်း၏ အုပ်ချုပ်မှုကာလအတွင်း ၎င်းဦးဆောင်သော အာဏာသိမ်းစစ်အစိုးရသည် အတိုက်အခံများကို ရက်စက်စွာ နှိမ်နင်းနှိပ်ကွပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအတိုက်အခံများကို ပုံမှန်အကျဉ်းချခြင်းတို့ကို လုပ်ဆောင်ထားခဲ့သည်။

၎င်းဟာ အင်အား ၄၀၀,၀၀၀ ခန့်ရှိ စစ်တပ်တစ်တပ်ကို ထိန်းချုပ်ခဲ့ပြီး အဆိုပါစစ်တပ်သည်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်အကြား တိုက်ခိုက်ခဲ့သလို  ၂၀၀၇ အရေးအခင်းတစ်ခုကို ဦးဆောင်ခဲ့သည့် သံဃာတော်များနှင့် တက္ကသိုလ်ကျောင်းသားများဘက်ကိုလည်း သေနတ်ပြောင်းလှည့်ချိန်ပြီး အကြမ်းဖက်ဖြိုခွင်းမှုများ လုပ်ဆောင်ထားခဲ့သည်။

ဦးသန်းရွှေ ရာထူးကနေမဆင်းပေးခင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းမတိုင်မီ ၂၁ နှစ်အတွင်း ၁၅ နှစ်အထိကို အကျဉ်းကျခံ သို့မဟုတ် နေအိမ်အကျယ်ချုပ်အောက်တွင် ဖြတ်သန်းခဲ့ရသည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...