အာဏာရှင်ကျဆုံးရေးအတွက် ရှင်းလင်းပြတ်သားသည့် မူတစ်ခုကိုချမှတ်ပြီး ကြိုးပမ်းကြရန် ANP ပါတီအား ANP Youth Wing မှ တိုက်တွန်း

အာဏာရှင်ကျဆုံးရေးအတွက် ရှင်းလင်းပြတ်သားသည့် မူတစ်ခုကိုချမှတ်ပြီး ကြိုးပမ်းကြရန် ANP ပါတီအား ANP Youth Wing မှ တိုက်တွန်း

အာဏာရှင်ကျဆုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ရှင်းလင်းပြတ်သားသော မူတစ်ခုကို ခိုင်ခိုင်မာမာချမှတ်ပြီး တစိုက်မတ်မတ်ကြိုးပမ်းကြရန် ရခိုင်အမျိုးသားပါတီ (ANP) အား ANP Youth Wing မှ တိုက်တွန်းလိုက်သည်။

ယနေ့ သြဂုတ် ၁၂ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ANP Youth Wing မှ သဘောထားထုတ်ပြန်ရာ၌ ယင်းသို့တိုက်တွန်းထားခြင်းဖြစ်သည်။

“ပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗဟိုကော်မတီဝင်တွေ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ ပြီးတော့ ပါတီထိပ်ပိုင်းခေါင်းဆောင်ကြီးတွေကို ထပ်ပြီးတော့ ရှင်းလင်းပြတ်သားတဲ့မူတစ်ခုကို ခိုင်ခိုင်မာမာချမှတ်ပြီး ဆက်လက်လုပ်ဆောင်ဖို့ဆိုတာကို တိုက်တွန်းထားတာဖြစ်ပါတယ်” ဟု ANP Youth Wing မှ ပြန်ကြားရေးတာဝန်ခံ ကိုဆန်းဌေးမောင်က ပြောသည်။

လက်ရှိတွင် အာဏာရှင်ကျဆုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ANP ပါတီအနေဖြင့် တစိုက်မတ်မတ်ကြိုးပမ်းမည်ဆိုလျှင် ANP Youth Wing အနေဖြင့်လည်း လိုအပ်သလိုပူးပေါင်းပါဝင်ပြီး ကျရာတာဝန်ကို ထမ်းဆောင်သွာမည်ဟု ကိုဆန်းဌေးမောင်ကဆိုသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ်၊ မေလ (၄) ရက်နေ့တွင်ပြုလုပ်ခဲ့သည့် (ANP) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ဆက်စပ်ဆောင်ရွက်မှုများကိုရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်အား ANP Youth Wing မှ ထောက်ခံကြောင်း ရေးသားထားသည်။

နိုင်ငံတော်အာဏာသိမ်းမှုဖြစ်စဉ်တွင် ANP ပါတီအနေဖြင့် နိုင်ငံတော်ကောင်စီအဖွဲ့ဝင်နေရာတွင်ပါဝင်ခဲ့ပြီးနောက်တွင် ပါတီမှ ရခိုင်ပြည်သူလိုအပ်ချက်များကို ကောင်စီထံတောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း လိုက်လျော့မှုမရှိခဲ့သည့်အတွက် ယခုအချိန်တွင် ANP အနေဖြင့် ကောင်စီနှင့်ဆက်စပ်ဆောင်ရွက်မှုများ ရပ်ဆိုင်းလိုက်ခြင်းကိုထောက်ခံရခြင်းဖြစ်သည် ကိုဆန်းဌေးမောင်က ပြောသည်။

“ပါတီကနေပြီး ကောင်စီကိုတောင်းဆိုမှုတွေအကြိမ်ကြိမ်လုပ်ခဲ့တယ်။ ရခိုင်ပြည်သူတွေ၊ ရခိုင်ပြည်အတွက်လိုအပ်ချက်တွေကို တောင်းဆိုမှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ဘာတစ်ခုမှ တောင်းဆိုမှုတွေကို လိုက်လျော့ပေးခဲ့တာတွေမရှိဘူး။ အဲဒါကြောင့် ဒီနေ့ချိန်မှာ ကျနော်တို့ရဲ့ပါတီထိပ်ပိုင်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေပြီးတော့ ဒီဆက်စပ်ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းမယ်ဆိုတဲ့သဘောထားကို ထောက်ခံတာဖြစ်ပါတယ်” ဟု သူကဆိုသည်။

အာဏာရှင်များအဆုံးသတ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးအခင်းအကျင်းတစ်ရပ်ကို ဖော်ဆောင်ရန်လိုအပ်သည်ဟု ရှုမြင်ကြောင်း ANP Youth Wing မှ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် ရခိုင်အပါအဝင် ကမ္ဘာတဝှမ်းရင်ဆိုင်ကြုံတွေ့နေရသည့် Covid-19 ရောဂါကိုတိုက်ဖျက်ရာတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေကြသည့်လူငယ်များအား ဂုဏ်ပြုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

အတောမသတ်နိုင်သည့် မြန်မာ့နိုင်ငံရေးပြဿနာများကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ မသန်မစွမ်းဖြစ်မှု၊ နေရပ်စွန့်ခွာပြီးဒုက္ခသည်ဖြစ်ရမှု စသည့်အနိဌာရုံများကို မြန်မာနိုင်ငံတဝှမ်း နေ့စဉ်နှင့်အမျှရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် နိုင်ငံတွင်းရှိပြည်သူအချင်းချင်း အာဃာတကြီးစွာဖြင့် ရန်ငြိုးဖွဲ့မှုအခြေအနေတစ်ရပ်သို့ ရောက်ရှိနေသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရသည်ဟု ထုတ်ပြန်ချက်ကဆိုထားသည်။

အလားတူ ခေတ်အဆက်ဆက်ကျောင်းသားလူငယ်များသည် တိုင်းပြည်အပြောင်းအလဲနှင့် ခေတ်စနစ်အပြောင်းအလဲတို့အတွက် တိုက်ပွဲဝင်ရာတွင် အဓိကထောက်တိုင်ဖြစ်သည်ကို ယနေ့မြန်မာနိုင်ငံအခြေအနေက သက်သေပြလျက်ရှိကြောင်းနှင့် မိမိတို့ အနေဖြင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ပြီးကျဆုံးသွားသော ကျောင်းသား၊လူငယ်များနှင့် ပြည်သူများအားဦးညွှတ်ဂရဝပြုကြောင်းလည်း ANP Youth Wing က ထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...