တရုတ်နိုင်ငံမှ ဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားပါက မွန်ပြည်နယ်ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့်အခြေအနေ ကြုံတွေ့လာနိုင်

တရုတ်နိုင်ငံမှ ဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားပါက မွန်ပြည်နယ်ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့်အခြေအနေ ကြုံတွေ့လာနိုင်

မြန်မာ့ထွက်ကုန်ငါးများကို တရုတ်နိုင်ငံမှဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားမည်ဆိုပါက မွန်ပြည်နယ်ထွက် ငါးလုပ်ငန်းများ ပိတ်သိမ်းရမည့်အခြေအနေနှင့် ကြုံတွေ့လာနိုင်ကြောင်း ပြည်နယ်ငါးလုပ်ငန်းအဖွဲ့မှ သိရသည်။

ငါးများကို တရုတ်နိုင်ငံမှ အဓိက ဝယ်ယူနေသော်လည်း လက်ရှိတွင် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသောကြောင့် ဝယ်ယူမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်း ပြန်ဖွင့်ရာသီဖြစ်ပြီး ငါးဈေးကောင်းသောလဖြစ်သော်လည်း ဩဂုတ်လကုန်ထိ ပြည်ပဝယ်ယူမှုမရှိပါက လုပ်ငန်းများ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

"ဒီလိုအနေအထားတိုင်းသွားမယ်ဆို ရေရှည်မှာ တောင့်ခံဖို့က တော်တော်အခက်အခဲဖြစ်မယ်။ အခုက ငါးဈေးကောင်းတဲ့လဖြစ်တော့ တစ်လ နှစ်လမှာ ငါးဈေးလျော့သွားတာနဲ့ စရိတ်က တအားကြီးတယ်လေ။ အင်အားတက်နိုင်သူပဲကျန်မယ်။ အင်အားတော်ရုံတန်ရုံနည်းတဲ့သူတွေဆို ပြုတ်ဖို့ရှိတယ်" ဟု ဦးမြင့်စိုးက ပြောသည်။

ပြည်တွင်းဈေးကွက်တွင်လည်း ငါးဈေးများ ဆက်လက်ကျဆင်းနေပြီး ပြည်ပဝယ်ယူမှု ဆက်လက်ရပ်ဆိုင်းထားပါက လုပ်ငန်းရှင်များအတွက် ငွေကြေးခက်ခဲလာမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

ထို့အတူ တရုတ်နိုင်ငံမှ ငါးဝယ်ယူမှု ရပ်ဆိုင်းထားသည်မှာ ၆ လကျော်နေပြီဖြစ်ကြောင်း မော်လမြိုင် ကျောက်မီးသွေးဈေးမှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ပြည်တွင်းမှာလည်း ငါးဈေးက ဘာမှမရဘူး။ ရောင်းနေတယ်ဆိုရုံပဲရှိတယ်။ တစ်နေ့နဲ့တစ်နေ့က ဈေးလည်းမရဘူး။ တရုတ်ဘက်ကလည်း အဝယ်ပိတ်ထားတော့ ငွေကြေးလည်ပတ်ဖို့က တကယ်ခက်ခဲတယ်။ တစ်ချို့လုပ်ငန်းတွေဆို ပိတ်ကုန်ပြီ" ဟု ၎င်းက ပြောသည်။

အရင်းအနှီးထုတ်နိုင်သူများသာ တောင်ခံနိုင်သည့်အခြေအနေဖြစ်ပြီး ငွေကြေးအင်အားနည်းသည့် လုပ်ငန်းများမှာ ပိတ်သိမ်းကုန်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းက ထွက်ရှိသော ငါးများကို တရုတ်ကုမ္ပဏီများက ယခင်ထက် ဈေးနှစ်ဆနှိမ်ကာ ဝယ်ယူနေသည်ဖြစ်ရာ မော်လမြိုင်ကုန်စည်ဒိုင်၏ ဩဂုတ်လ ၁၁  ရက် ထုတ်ပြန်ချက် ဈေးနှုန်းများအရ ငါးပုတ်သင် တစ်ပိဿာ ၅၀၀၀ ကျပ်၊ ငါးပုဏ္ဏား (ဥ) တစ်ပိဿာ ၁၁၀၀၀ ကျပ်၊ ငါးပုဏ္ဏာ (အထီး) တစ်ပိဿာ ၆၀၀၀ ကျပ်၊ ငါးကွမ်းရှပ် (အကြီး) တစ်ပိဿာ ၉၀၀၀ ကျပ်၊ (အလတ်) တစ်ပိဿာ ၇၀၀၀ ကျပ်၊ (အသေး) တစ်ပိဿာ ၆၅၀၀ ကျပ်နှင့် ငါးပျက် (အကြီး)  ၄၅၀၀ ကျပ်၊ (အလတ်) ၃၀၀၀ ကျပ်၊ (အသေး) ၂၅၀၀ ကျပ် ရောင်းဈေးရှိကြောင်း သိရသည်။

Photo: မွန်ပြည်နယ် ရေပိုင်နက်ရှိ ကျားဖောင်ငါးဖမ်းလုပ်ငန်း (ဓာတ်ပုံ-ဉာဏ်စိုးဝင်း)

 
 

 

 

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...