စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံး

ဗန်းမော်ခရိုင် မံစီမြို့နယ် နမ့်မဖွဲအုပ်စု မိတုန်ကျေးရွာ (Myi Tung Mare) တွင် အာဏာသိမ်းစစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက်လူငယ်တစ်ဦးက အသက်ဆုံးရှုံးသွားကြောင်း သတင်းရရှိပါသည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် မိတုန်ကျေးရွာမှ ၁၅ မိနစ်ခန့်သွားရသော လယ်တောထဲတွင် နွားကျောင်နေသည့် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး မိုင်းနင်းမိကာ သေဆုံးသွားကြောင်း မိသားစုနှင့်နီးစပ်သော ပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ညနေပိုင်း ၂ နာရီဝန်းကျင်လောက်ဖြစ်သွားတာ ဟုတ်တယ်။ ကလေးက နွားမောင်းမောင်းနေရင်း နေပူလို့ဆိုပြီး နေရိပ်တဲ့နေရာမှာ ထိုင်လိုက်တဲ့အချိန် ပေါက်ကွဲသွားတယ်လို့ပြောခဲ့တယ်။ သူ့ရဲ့ ညာဘက်ခြေထောက် တစ်ဖက်ပြတ်သွားတယ်။ နောက်တင်းပါးတစ်ဖက်လည်းထိသွားတယ်” ဟု ပြောဆိုသည်။

လယ်တောထဲ နွားကျောင်းနေရင်း မိုင်းနင်းမိ ပေါက်ကွဲခံလိုက်ရသည့် လူငယ်ကို ဗန်းမော်ဘက်သို့ပို့ဆောင်ခဲ့ရာ ညနေပိုင်း ၆ နာရီဝန်းကျင်ခန့်တွင် သေဆုံးသွားကြောင်းသူက ဆက်ဆိုသည်။

“အဲ့လိုဖြစ်တာနဲ့ နာရေးကူညီအသင်းတွေကို ခေါ်ပြီး ဗန်းမော်ပြည်သူ့ဆေးရုံကြီးကို ပြန်ပို့တယ်။ ဆေးရုံကြီးမှာလည်း ဆရာအခက်အခဲတွေဖြစ်လို့ အဲ့မှာကုလို့မရဘူး။ လူနာက အရေးပေါ်ဖြစ်နေတယ်။ နောက် ဗန်းမော် စစ်ဆေရုံးကို ပြန်ပို့တယ်။ ညနေပိုင်းလိုအပ်တဲ့ အောက်စီဂျင်နဲ့ သွေးတွေ ပြန်သွင်းနေရင်း ဆေးရုံမှာဘဲ ဆုံးသွားတယ်” ဟု ဆိုသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာသည် အာဏာသိမ်းစစ်တပ် ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်ရင်း ၂ ခုကြားတွင်ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တပ်အနီး မိုင်းနင်းမိသေဆုံးခဲ့သော လူငယ်အမှုနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ တစ်စုံတစ်ရာ တာဝန်ယူမှုမရှိကြောင်း မိသားစုထံမှ သိရသည်။

ယခင်တုန်းကလည်း ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် လယ်တောအနီးတဝိုက် မိုင်းထောင်ထားမှုကြောင့် ကျွှဲ၊ နွားများ မကြာခဏ သေဆုံးမှုများ ကြုံတွေ့ရကြောင်း သိရသည်။

သေဆုံးသွားသည့်သူ အသက် ၁၆ နှစ်အရွယ်ရှိ မဂျီနော်ဆန့်ခေါ်သူ လူငယ်တစ်ဦးဖြစ်ပြီး မိတုန်ကျေးရွာတွင်နေသည့် ဦးမဂျီဘောက်နော်၏ သားဖြစ်ပါသည်။

 
 

 

 

March 6, 2026
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ မြို့မတောင်ရပ်ကွက်၊ မြသာယာရပ်၊ နယ်မြေ(၅)၊...
March 5, 2026
ချီဖွေမြို့နယ် ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်ပြီး အခြေခံစားသောက်ကုန်တွေ ပုံမှန်အတိုင်းပြန်ဝင်နေပြီလို့...
March 4, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ရွှေဆွဲကြိုးနဲ့ ဆိုင်ကယ်တွေကို အကြမ်းဖက်လုယက်ခံတာတွေ...
March 2, 2026
KIO/KIA  ထိန်းချုပ်ထားတဲ့ ပန်ဝါမှာ စစ်တပ်လေယာဉ်ဗုံးလာကြဲမယ်ဆိုတဲ့ သတင်းပျံ့နှံ့နေတဲ့အတွက်...