ကနီမြို့ အစုလိုက်အပြုံလိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလထံ စာဖြင့် ရေးသားတင်ပြ

ကနီမြို့ အစုလိုက်အပြုံလိုက် အသတ်ခံရမှုနှင့်ပတ်သက်၍ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလထံ စာဖြင့် ရေးသားတင်ပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာအာဏာသိမ်းစစ်တပ်၏ “လူအစုလိုက်အပြုံလိုက် သတ်မှုဆိုသည့် ဖြစ်စဉ်တစ်ခု” နှင့်ပတ်သက်ပြီး ကုလသမဂ္ဂထံ စာရေးသားပေးပို့တင်ပြခဲ့သည်။

မြန်မာနိုင်ငံ အနောက်မြောက် စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် ဇူလိုင်လအတွင်းက ရုပ်အလောင်း ၄၀ ကို တွေ့ရှိထားခဲ့ဟု ဦးကျော်မိုးထွန်းက ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ သြဂုတ် ၃ ရက်ကပေးပို့သည့် စာတစ်စောင်ထဲတွင် ပြောခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုဘက်က အဆိုပါ အစုအပြုံလိုက် သတ်မှုကို ငြင်းဆန်ခဲ့သလို အဆိုပါ ဝေးလံသောဒေသတွင် မိုဘိုင်းအင်တာနက်ကွန်ရက်များ ဖြတ်တောက်ခံထားရသည့်အတွက် အဆိုပါသတင်းကို အေအက်ဖ်ပီအနေဖြင့် သီးခြားလွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိခဲ့ပေ။

အာဏာသိမ်းစစ်တပ်၏ စစ်သားများသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်က ကနီမြို့ရှိ ကျေးရွာတစ်ရွာတွင် အမျိုးသား ၁၆ ဦးကို ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်းနှင့် ယင်းမတိုင်မီက အဆိုပါဧရိယာကနေ ဒေသခံ ၁၀,၀၀၀ ခန့် ထွက်ပြေးထားခဲ့ကြကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလထံ ရေးသားတင်ပြခဲ့သည်။

ထို့ပြင် ဇူလိုင် ၂၆ ရက် ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပြီး နောက်ပိုင်းရက်များတွင် နောက်ထပ် အလောင်း ၁၃ လောင်း တွေ့ရှိခဲ့ကြောင်း ၎င်းက ရေးသားခဲ့သည်။

ထို့ပြင် ဇူလိုင် ၂၈ ရက်တွင် တစ်ခြား ကျေးရွာတစ်ခုတွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးအပါအ၀င် အမျိုးသား ၁၁ ဦး သတ်ဖြတ်မီးရှို့ခံခဲ့ရကြောင်း ဦးကျော်မိုးထွန်းက ပြောခဲ့သည်။

၎င်း၏စာထဲတွင် ဦးကျော်မိုးထွန်းက အာဏာသိမ်းအုပ်စုအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုချမှတ်ရန် ထပ်မံတောင်းဆိုခဲ့ပြီး မြန်မာပြည်သူများအတွက် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် ကြား၀င်ဆောင်ရွက်မှုကိုလည်း တောင်းဆိုထားခဲ့သည်။

“မြန်မာနိုင်ငံမှာ စစ်တပ်က ဒီလိုမျိုး ရက်စက်ကြမ်းကြုတ်မှုမျိုးတွေ ဆက်လုပ်စေဖို့ ကျွန်တော်တို့ ခွင့်မပြုနိုင်ပါဘူး” ဟု ဦးကျော်မိုးထွန်းက အေအက်ဖ်ပီကို ပြောသွားခဲ့သည်။

“ကုလသမဂ္ဂ အထူးသဖြင့် ကုလလုံခြုံရေးကောင်စီအနေနဲ့ ဒီအပေါ်မှာ အရေးယူဆောင်ရွက်ဖို့ အချိန်ရောက်နေပါပြီ” ဟု ၎င်းက ပြောသွားခဲ့သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...