အစင်ကျေးရွာ ပြည်ခိုင်ဖြိုးအမှုဆောင်နေအိမ်စျေးဆိုင် လက်ပစ်ဗုံးပစ်ပေါက်ခံရမှုကြောင့် သမီးဖြစ်သူ ဒဏ်ရာစိုးရိမ်ရရှိ

အစင်ကျေးရွာ ပြည်ခိုင်ဖြိုးအမှုဆောင်နေအိမ်စျေးဆိုင် လက်ပစ်ဗုံးပစ်ပေါက်ခံရမှုကြောင့် သမီးဖြစ်သူ ဒဏ်ရာစိုးရိမ်ရရှိ

ရေးမြို့နယ် အစင်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီ USDP အလုပ်အမှုဆောင် ဦးမောင်အုန်းနေအိမ်သို့ ပြီးခဲ့သည့်ညပိုင်း (ဇူလိုင် ၂၉) က အမည်မသိဆိုင်ကယ်စီး လူ ၂ ယောက်မှ လက်ပစ်ဗုံးတစ်လုံး ပစ်သွင်းဖောက်ခွဲခဲ့ရာ အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရေးမြို့ ပြည်သူ့ဆေးရုံကြီးမှတဆင့် မော်လမြိုင်သို့ ပို့ဆောင်ခဲ့ရသည်။

အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ဦးမောင်အုန်း၏နေအိမ်တွင် စျေးဆိုင်ရောင်းနေသည့် သမီးဖြစ်သူ မနွဲ့နွဲ့စိုး (အသက် ၂၆ နှစ်) ယာဘက်လက်ဖမိုး တစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဝဲဘက်ရင်အုံအောက် ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ဝဲဘက်ပေါင် ပေါက်ပြဲဒဏ်ရာ (၂) ချက် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

စျေးဆိုင်ရောင်းနေသူ မနွဲ့နွဲ့စိုး ဆိုင်သိမ်းနေစဥ် ည ၈ နာရီမထိုးမီ မိနစ်ပိုင်းအလိုတွင် လမ်းမကြီးအတိုင်း ရေးမြို့ဘက်မှလာသော မော်တော်ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးအနက် တစ်ဦးက စျေးဆိုင်သို့ လက်ပစ်ဗုံးပစ်သွင်းခဲ့ရာ ဆိုင်အရှေ့ ရေမြောင်းဘေးအစပ်တွင် ကျရောက်ပေါက်ကွဲထိမှန်ခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဥ်ကို ရဲလုပ်ထုံးနည်းအတိုင်း အမှုဖွင့်ထားသည်ဆိုသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့က ရေးမြို့ အောင်မင်္ဂလာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အလက-၂ ကျောင်းသို့ လက်ပစ်ဗုံးတစ်လုံးစီ ပစ်သွင်းခံခဲ့ရသည့် လက်သည်များကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း၊ မြို့နယ်အတွင်း လစဥ်ဖြစ်ပေါ်နေသည့် လူသတ်မှု၊ လုပ်ကြံမှုများကိုလည်း တရားခံရှာမရဖြစ်နေကြောင်း တွေ့ရှိရသည်။

သို့ရာတွင် မေလ ၁၉ ရက်နေ့က အောင်သုခရပ်ကွက်နေ ကိုကျော်မင်းထွန်း (ခ) ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစကကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊ လက်ပစ်ဗုံးပစ်မှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ မွန်ပြည်နယ်တဝန်းရှိ ပြည်ခိုင်ဖြိုးပါတီ USDP ပါတီဝင်များ လုပ်ကြံခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လာကြောင်း သတင်းမှတ်တမ်းများက ဖော်ပြနေသည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
ဓာတ်ပုံ - Crd
August 27, 2026
စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ်...