ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့အနီးတွင် တပ်မတော်သားများရှိနေ၍ ဒေသခံများ လယ်ယာထွန်ယက်စိုက်ပျိုးရန် စိုးရိမ်မှုရှိနေကြ

ရသေ့တောင်မြို့နယ်မှ ကျေးရွာအချို့အနီးတွင် တပ်မတော်သားများရှိနေ၍ ဒေသခံများ လယ်ယာထွန်ယက်စိုက်ပျိုးရန် စိုးရိမ်မှုရှိနေကြ

ရခိုင်ပြည်နယ်၌ လက်ရှိ တိုက်ပွဲများငြိမ်သက်နေသော်လည်း ရသေ့တောင်မြို့နယ်ရှိ ကျေးရာအချို့အနီးတွင် တပ်မတော်သားများရှိနေခြင်းကြောင့် ထွန်ယက်မစိုက်ပျိုးနိုင်သည့် လယ်ယာမြေများရှိနေသည်ဟု ကျေးရွာဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ရသေ့တောင်မြို့နယ် ထီးစွဲ၊ ဆောက်ခတ်၊ အမျက်တောင်၊ မညင်းတောင် စသည့်ကျေးရွာများအနီးတွင် မြန်မာ့တပ်မတော်မှ နေရာယူထားခြင်း၊ ကျေးရွာအတွင်းသို့ ခွင့်ပြုချက်ဖြင့်သာ ဝင်ထွက် သွားလာနေရသည့်အတွက် ယခုနှစ်တွင် လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးမှုမပြုလုပ်နိုင်ကြောင်း ရသေ့တောင်မြို့ စစ်ဘေးရှောင်တစ်ခုတွင်နေထိုင်သည့် အမည်မဖော်လိုသူ ဆောက်ခတ်ကျေးရွာမှ လယ်သမားတစ်ဦးက DMG သို့ ပြောကြားသည်။

“စစ်သားတွေက ရွာအနီးအနားတစ်လျှောက်လုံး နေရာယူထားတယ်။ ကျနော်တို့လည်း ရွာကိုသွားပြီးတော့ မနေရဲဘူး။ ရွာအထဲကို ဝင်မယ်ဆိုရင်တောင်မှ သူတို့ခွင့်ပြုမှဝင်လို့ရတယ်။  ဆိုတော့ ဘယ်လိုလုပ် လယ်ထွန်ရဲတော့မှာလဲ။ ကျနော်တို့ အရင်တစ်ပတ်က ကိုယ့်ရွာကိုသွားခဲ့တယ်။ ရွာက ဆရာတော်က တာဝန်ယူပြီးတော့ ဝင်ခွင့်ရခဲ့တာ။ ရွာအထဲမှာလည်း နေအိမ်တွေ အကုန်လုံးပျက်စီးနေပြီ“ ဟု အဆိုပါလယ်သမားက ပြောကြားသည်။

အလားတူ ထီးစွဲကျေးရွာအနီးတစ်ဝိုက်တွင်လည်း တပ်မတော်သားများ စခန်းချထားခြင်းကြောင့် ရွာလုံးကျွတ် လယ်ယာမြေများ ထွန်ယက်စိုက်ပျိုးနိုင်ခြင်း မပြုလုပ်နိုင်သည်မှာ ယခုနှစ်ဆိုလျှင် ၃ နှစ်ရှိနေပြီဖြစ်သည့်အတွက် ၎င်းဒေသခံများအနေဖြင့် ရှေ့ဆက်၍ ရပ်တည်နိုင်ရန်ပင် အခက်အခဲဖြစ်လာမည်ဟု ထီးစွဲကျေးရွာသားတစ်ဦးဖြစ်သူ ဦးဝေအောင်က DMG သို့ပြောကြားသည်။

“လယ်မလုပ်ရတာ ဒီနှစ်ဆိုရင် ၃ နှစ်ရှိနေပြီလေ။ အဲ့တော့ ကျွန်တော်တို့ ဘဝဆက်လက်ရပ်တည်ဖို့အတွက် တော်တော်လည်းအခက်အခဲဖြစ်လာမယ်။ စားဝတ်နေရေး၊ သားသမီးပညာရေးအစ အခက်အခဲဖြစ်လာမယ်။ စစ်ဘေးရှောင်အချင်းချင်းတူရင်တောင်မှ ရွာကိုပြန်ပြီး အလုပ်လုပ်ကိုင်လို့ရတဲ့သူတွေထက် ကျနော်တို့က ပိုပြီးတော့အခက်အခဲဖြစ်တယ်“ ဟု ၎င်းကဆိုသည်။

ကျေးရွာအတွင်း ပြန်လည်နေထိုင်ပြီး မိမိအလုပ်လုပ်ကို လုပ်ကိုင်စားသောက်နေထိုင်ရန်အတွက် ကျေးရွာအနီးအနားတွင် တပ်စွဲနေထိုင်နေသည့် တပ်မတော်သားများမှ ဖယ်ရှားပေးရန် ဒေသခံများက တောင်းဆိုကြသည်။

ဒေသခံများ၏ပြောဆိုချက်အရ ကျေးရွာအနီးအနားတွင် မြန်မာ့တပ်မတော်မှ တပ်စွဲနေရာယူထားခြင်း၊ မိမိကျေးရွာအတွင်း အချိန်အကန့်အသတ်ဖြင့်သာ သွားလာနေရခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား DMG မှဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း လုံခြုံရေးအရ မိမိကျေးရွာကိုမပြန်နိုင်ဘဲ လယ်ယာလုပ်ကိုင်ခွင့် မရကြသော လယ်ဧကများရှိနေသည့်အပြင် နေရပ်ပြန်စစ်ဘေးရှောင်များမှာလည်း ဓာတ်မြေသြဇာများ ယခင်နှစ်ထက် ဈေးတက်နေသောကြောင့် လိုအပ်သလောက် အသုံးပြုနိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

“ဒီနှစ် တောင်သူလယ်သမားတွေအနေနဲ့တော့ စိုက်ပျိုးရေးစရိတ်လည်းအဆင်မပြေ။ ဓာတ်မြေသြဇာဈေးလည်း တက်တယ်။ ဓာတ်မြေသြဇာကို လိုသလောက် မသုံးနိုင်ကြဘူး။ လယ် ၁၀ ဧက ရှိတဲ့သူတစ်ယောက်က ၈ ဧကလောက်ပဲ လယ်ထွန်နိုင်တော့မယ့် အနေအထားကိုရောက်သွားမယ်“ ဟု ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ဒေသမတည်ငြိမ်သည့်အတွက် မိုးစပါးစိုက်ပျိုးသည့် လယ်ဧက ၁၀ သိန်းကျော်ရှိသည့်အနက် ဧကခြောက်သောင်းကျော် မစိုက်ပျိုးနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားများသမဂ္ဂမှ သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...