ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် အရေပြားရောဂါဖြစ်ပွားနေ

ကျောက်တော်မြို့နယ် စစ်ဘေးရှောင်စခန်းတစ်ခုတွင် အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်မင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေကြရကြောင်း သတင်းရရှိသည်။

လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းစစ်ဘေးရှောင်စခန်းတွင် လူကြီး၊ လူငယ်အများစုမှာ ခန္ဓာကိုယ်အနှံ့ အနီရောင်အစက်အကွက်များဖြစ်ပေါ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လိုအပ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောသည်။

“သူတို့မှာ ခန္ဓာကိုယ်အနှံ့ ယားယံပြီးတော့ အနီရောင်အစက်တွေပေါ်တယ်။ ဆေးသောက်လိုက်လို့ရှိရင် ပျောက်သွားတယ်။ မနက်ကျရင် ပြန်ပေါ်တယ်။ စစ်ဘေးရှောင်အားလုံးနီးပါးလိုလို ဖြစ်နေတာ" ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ယင်းစစ်ဘေးရှောင်စခန်းမှ တခြားနေရာများသို့မပြန့်ပွားအောင် ကျန်းမာရေးဌာနအနေဖြင့် ထိထိရောက်ရောက် ကုသပေးရန်လိုအပ်နေကြောင်းလည်း ဦးရွှေဘော်စိန်ကပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ကန်စောက်ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်းများက တစ်လ ၁ ကြိမ် သို့မဟုတ် သုံးလ ၁ ကြိမ်ခန့်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးကြောင်း စခန်းတာဝန်ခံ ဦးမောင်ကျော်ခိုင်က ပြောသည်။

“သူတို့ပေးတဲ့ဆေးနဲ့ မလုံလောက်လို့ရှိရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ရတယ်။ ခေါင်းကိုက်၊ နှာစေးပျောက်ဆေးကလွဲပြီး ကျန်တဲ့ဆေးတွေဆိုရင် ကိုယ့်ဘာသာကိုယ်ဝယ်သောက်ရတယ်။ ကျန်းမာရေးဌာနကနေပြီး တစ်လမှာ ၂ ကြိမ်လောက်ဖြစ်ဖြစ် ထိရောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ စစ်ဘေးရှောင်တွေကိုယ်စား တောင်းဆိုချင်ပါတယ်" ဟု ဆိုသည်။

ယင်းစခန်းတွင် ခြေ၊ လက် အဆစ်ကိုက်နေသူ၊ ဝမ်းလျှော့၊ ဝမ်းပျက်ဖြစ်သူ၊ ဝက်သက် စသည့် ရောဂါခံစားနေသူများလည်း ရှိနေသည်ဟု စခန်းတာဝန်ခံကဆိုသည်။

အရေပြားရောဂါဖြစ်နေခြင်းနှင့်ပတ်သက်ပြီး ကန်စောက်ကျေးရွာ ဆေးခန်းမှတဆင့် စစ်ဘေးရှောင်စခန်းကို တစ်ပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးနေသည်ဟု ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက ပြောသည်။

“ပုံမှန် အရေပြားရောဂါလောက်သာဖြစ်တယ်။ ကန်စောက် ကျန်းမာရေးဌာနကသွားပြီး ဆေးကုသပေးနေပါတယ်။ အဲဒါက အရေပြားရောဂါလောက်ပဲဖြစ်တယ်။ ပတ်ဝန်းကျင်မသန့်ရှင်းမှုတွေ၊ ခန္ဓာကိုယ်မသန့်ရှင်းမှုတွေကတဆင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ အဲဒီစခန်းကို ကန်စောက်ကျန်းမာရေးဌာနက တစ်ပတ် ၂ ကြိမ်သွားပြီး ဆေးကုသပေးနေတယ်" ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာစစ်ဘေးရှောင်စခန်းနှင့် ဝါးတောင်စစ်ဘေးရှောင်စခန်းမှ ကလေး (၁၀) ဦးတွင် အရေပြားရောဂါများ ဖြစ်ပွားခဲ့သေးသည်။

ပုံစာ - ဇွန်လအတွင်းက ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားမှုအားတွေ့ရစဉ် (ဓာတ်ပုံ - REC)

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...