အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည် မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဆီယံခေါင်းဆောင်များ ဘုံသဘောတူညီချက် ရရှိထားသည့် အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သွက်လက်မြန်ဆန်စွာဆောင်ရွက်နေကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုဟာ နှေးကွေးပြီး နည်းနည်းလည်း စိတ်ပျက်စရာဖြစ်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု လွှတ်တော်တွင်း မေးမြန်းမှုအပေါ် ဝန်ကြီးဗီဗီယန်ဘာလာကရစ်ရှနန်က စာဖြင့် ပြန်လည်ဖြေကြားသည်။
ဤလုပ်ငန်းစဉ်သည် လွယ်ကူမြန်ဆန်စွာ ပြီးစီးမည်မဟုတ်သော်လည်း ၎င်းအား ဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ ပူးပေါင်းကူညီသွားမည့် သန္နိဌာန်အပေါ် ချီတုံချတုံ ဖြစ်နေမည်မဟုတ်ဟုလည်း ဝန်ကြီးကဆိုသည်။
အာဆီယံအဖွဲ့ကြီးသည် ဧပြီလအတွင်း မြန်မာ့အရေး အထူးအစည်းအဝေးကျင်းပကာ အချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။
သို့သော်လည်း ဤအချက်များကို အပြီးအစီးအကောင်အထည်ဖော်ရန် အချိန်ကန့်သတ်ချက် မသတ်မှတ်ထားပေ။
ပြီးခဲ့သည့် မေလအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများအား မြန်မာနှင့် လက်နက်ရောင်းချမှုမပြုလုပ်ရန် တောင်းဆိုခဲ့သလို မြန်မာစစ်တပ်ကိုလည်း ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုကာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ မြန်မာ့အရေးဆုံးဖြတ်ချက်အား အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့က ထောက်ခံမဲပေးကာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံတို့က ကြားနေမဲပေးခဲ့သည်။
စင်္ကာပူသည် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှုနှင့် လွှဲပြောင်းမှုတို့နှင့်ပတ်သက်သည့် တာဝန်ယူတာဝန်ခံမှုကို အတိအကျလိုက်နာသလို မည်သည့်နိုင်ငံအပေါ်မဆို ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှု သို့မဟုတ် လက်နက်ရောင်းချမှု တားမြစ်ပိတ်ပင်ခြင်းများကို လိုက်နာသွားမည်ဖြစ်ကြောင်း ဝန်ကြီးဘာလာကရစ်ရှနန်က ပြောကြားခဲ့သည်။
ဓာတ်ပုံ - Reuters







