စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် ၂၄ နာရီအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းပြီး စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်မှုများခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၃ ရက် ယနေ့နံနက် ၄ နာရီဝန်းကျင်က ကသာမြို့နယ် မိုးတားကျေးရွာအထက်ကို ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုးတာကြီးအထက်မှာ ဟုတ်တယ်။ ဒီမနက် ၄ နာရီကနေ ၆ နာရီလောက်အထိ ပစ်ခတ်ကြတယ်။ အခုမှ ပြန်ငြိမ်သွားတယ်။ ကျနော်တို့ ဆက်သွယ်မေးမြန်းကြည့်ရသလောက်က အာဏာသိမ်းစစ်တပ်ဘက်ကနေ ထိုးစစ်စစ်ရေးလှုပ်ရှားလာတာကို KIA နဲ့ PDF က နယ်မြေအခြေအနေအရ ဖြတ်ခွင့်မရအောင် ပြန်လည်တိုက်ခိုက်တဲ့သဘောမှာရှိတယ်။ လက်ရှိအခြေနေက စစ်တပ်ကို ထွက်လို့မရအောင် KIA နဲ့ PDF က ဝိုင်းတယ်တဲ့။ စစ်တပ်က အထဲမှာ ဒဏ်ရာရတဲ့သူတွေတောင်ပါတယ်လို့ ကြားနေရတယ်။ ထိခိုက်မှုတွေက သေချာမသိရသေးဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော မိုးတားကျေးရွာသို့ စစ်အင်အားဖြည့်ရန် ရွှေကူမှ အာဏာသိမ်းစစ်တပ် အင်အား ၃၀ ကျော်ပါသည့် စစ်ကား ၂ စီး ထွက်သွားကြောင်း ရွှေကူဒေသခံများ ပြောသည်။

ထိုနည်းတူ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့် စစ်ကိုင်း ကောလင်းမြို့အဝင် သစ်ဆိမ့်ကုန်းတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား ၂ စီးကို KIA နှင့် PDF တို့ ပူပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ ၂ ဦးနှင့် တပ်သား ၂ ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်ဟု KIA ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။

“ကောလင်းဘက် လမ်းနားမှာရှိတဲ့ သစ်ဆိမ့်ကုန်းနားမှာ ကျနော်တို့ဘက်ကအဖွဲ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ အဲ့မှာဘဲ နာရီဝက်လောက်အကြာ တိုက်ပွဲဖြစ်သွားခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူး။ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်တပ်သား ၂ ယောက် အဲ့နေရာမှာဘဲဆုံးသွားတယ်” ဟု ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံသော အာဏာသိမ်းစစ်တပ်က RPG လက်နက်ကြီးဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ KIA နှင့် PDF ကို ထိခိုက်မှုမရှိဘဲ အနီးတဝိုက်ရှိ ကျေးရွာအတွင်းထိခိုက်ခဲ့သောကြောင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သူကဆက်ဆိုသည်။

ထို့အပြင် ဇူလိုင် ၂ ရက် ယမန်နေ့ည ၁၁ နာရီခွဲက စစ်ကောင်စီတပ်များစီးလာသော ကား ၂ စီးကို ထီးချိုင့်တွင် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အယောက် ၂၀ ကျော် ကျဆုံးခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့က ယနေ့နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ယနေ့နံနက်နှင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် နေရာ ၃ ခုတွင် မိုးညှင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ မှ တပ်ရင်း ၅ နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသ ကောလင်းနှင့် အခြားနေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ရန် တရားဝင်အမိန့် ညွန်ကြားထားခြင်းလည်းမရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာဒေသများမှာ အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့လာသော လမ်းကြောင်းများဖြစ်သောကြောင့် ပစ်ခတ်မှုများ ပုံမှန်ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...