စစ်ကောင်စီလွှတ်ပေးသည့်စာရင်းတွင် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များမပါ

စစ်ကောင်စီလွှတ်ပေးသည့်စာရင်းတွင် ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များမပါ

တစ်နိုင်ငံလုံးအတိုင်းအတာ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို အာဏာသိမ်းစစ်တပ်မှ ဇွန်လ ၃၀ ရက်နေ့ လွှတ်ပေးခဲ့ရာ ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်များနှင့် သတင်းထောက်များ ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်၊ မိုးညှင်းအကျဉ်းထောင်နှင့် ပူတာအိုအကျဉ်းထောင် စသည့် ထောင် ၄ ခုအနက် မြစ်ကြီးနားအကျဉ်းဦးစီးထောင်မှ ၁၄၀ ကျော်လွှတ်ပေးခဲ့ပြီး၊ ကျန်သည့် ထောင် ၃ ခုတွင် လွှတ်ပေးသည်ကို မကြားသိရကြောင်း ဒေသခံများပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများကြောင့် မတရားဖမ်းဆီးခံရသူများကို လွှတ်မည်ဆိုသည့်သတင်းကြောင့် ဗန်းမော်အကျဉ်းထောင်သို့ သွားရောက်စောင့်ဆိုင်းခဲ့သည့် ဒေသခံတစ်ဦးက KNG ကို ယခုလိုပြောသည်။

"အာဏာသိမ်းပြီးနောက်မှာ ဖမ်းခံရတဲ့သူတွေ လွှတ်မယ်ဆိုလို့ သွားစောင့်တာ ကျမတို့သား မလွှတ်လာဘူး၊ လူငယ်တစ်ချို့တော့ လွှတ်လာတာရှိတယ်တဲ့၊ ဒါပေမယ့် မူးယစ်မူနဲ့၊ လူသေမူ တစ်ခြားအမူကလူတွေလို့ သိရတယ်" ဆိုပြီး ဗန်းမော်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက ဇွန်လ ၃၀ ရက်နေ့ မတရားဖမ်းဆီးခံရသူများကို လွှတ်ပေးရာ အခြားတိုင်းဒေသကြီးများတွင် သတင်းထောက်များနှင့် အနုပညာရှင်အချို့ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကချင်ပြည်နယ်တွင်မူ အဆိုပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ လွှတ်မြောက်ခြင်းမရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မြစ်ကြီးနားအခြေစိုက် သတင်းထောက်များဖြစ်သည့် မချန်ဘူ၊ မမျိုးမြတ်မြတ်ပန်၊ ကိုအားဂျေ၊ ကိုခရစ္စတိုဖာ၊ ကိုလှရော်၊ ဖားကန့်အခြေစိုက် အလွှတ်တန်းသတင်းထောက် ကိုနောင်ရိုး၊ ကိုဇော်ဝင်းမောင်၊ ဗန်းမော်အခြေစိုက် အလွတ်တန်းသတင်းထောက် ဘဘဦးဂျိုးဖြူ စသည့် သတင်းထောက်များအနက် တစ်ဦးမှ လွှတ်မြောက်လာခြင်းမရှိသည်ကို တွေ့ရသည်။

ထို့အပြင် ဝိုင်းမော်မြို့မှ CDM ပြုလုပ်သည့် ဆရာမလငန်လွမ်းနော၊ မိုးညှင်းမြို့မှ ဆရာမအေးသီတာ၊ ကချင်နိုင်ငံရေး တက်ကြွလူပ်ရှားသူများ ကိုလွမ်းဇောင်း၊ မဆိုင်းနူးပန်၊ လီဆူတိုင်းရင်းသားအနုပညာရှင် ကိုယော်တီဖာ၊ ဗန်းမော်မြို့ စနေပရဟိတအသင်းမှ ခေါင်းဆောင် ကိုလွင်ကိုချစ် အပါအဝင် အခြားမြို့နယ်များမှ သပိတ်ဦးဆောင်သည့် လူငယ်အများစု လွှတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

"မြို့ကြီးတွေမှာ ရန်ကုန်၊ မန်းလေးလိုမျိုးမှာဘဲ နိုင်/ကျဉ်းသားတွေပါတယ်။ ကျနောတို့ မိုးညှင်းကဆို လွှတ်မယ်ထင်လို့ သွားစောင့်ကြတာ အများကြီး။ ဒါပေမယ့် တစ်ယောက်မှ လွှတ်ပေးတာမရှိဘူး" ဟု မိုးညှင်းဒေသခံတစ်ဦးက KNG ကိုပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့ထိ တစ်နိုင်ငံလုံး ဖမ်းဆီးချုပ်နှောင်ထားသည့်သူ ၅၂၂၄ ဦးရှိသည့်အနက် ၂၂၂ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောင်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...