မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ဆရာမ ၄ ဦးတာဝန်ကျရာ စာသင်ကျောင်း ၂ ကျောင်းနှင့် စာသင်ခန်း ၂ ခန်းတို့ကို ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားလိုက်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
“မနေ့က မြို့နယ်ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ရောဂါပိုပြီးကူးစက်မှု မဖြစ်ရအောင် စာသင်ကျောင်း ၂ ကျောင်းနဲ့ စာသင်ခန်း ၂ ခန်းကို ယာယီပိတ်လိုက်တာ” ဟု မောင်တောမြို့နယ်ပညာရေးမှူး ဦးကြာစိန်အောင်က ပြောသည်။
ယင်းသို့ ယာယီပိတ်လိုက်သည့် စာသင်ကျောင်း ၂ ကျောင်းမှာ ဆားကုန်ဘုတ်မူ (လွန်) ကျောင်းနှင့် အမှတ် (၆) မူ (လွန်) ကျောင်းတို့ဖြစ်ပြီး အဆိုပါကျောင်း ၂ ကျောင်းမှ ဆရာမနှစ်ဦးမှာ ဇွန်လ ၂၉ ရက်နေ့က ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မောင်တောမြို့ အ.ထ.က (၁) နှင့် ၄ မိုင် အ.ထ.က ကျောင်းတို့တွင် တာဝန်ကျနေသည့် ဆရာမ ၂ ဦးထံ၌ ဇွန်လ ၃၀ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် ၎င်းဆရာမ ၂ ဦး တာဝန်ယူသင်ကြားခဲ့သည့် စာသင်ခန်း ၂ ခန်းအား ယာယီပိတ်ထားလိုက်ပြီး ကျောင်းသူ၊ ကျောင်းသားများအားလည်း နေအိမ်တွင် နေထိုင်ခိုင်းထားကာ ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ထားကြောင်း မောင်တောမြို့နယ်ပညာရေးမှူးက ပြောသည်။
မောင်တောမြို့နယ်တွင် လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၄၃ ဦးအထိရှိလာပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၅ ဦးရှိကြောင်း သိရသည်။
ကိုဗစ်အတည်ပြုလူနာများထဲမှ ၃၂ ဦးမှာ မောင်တောခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး ယာယီဆေးရုံအဖြစ် ပြုလုပ်ထားသည့် မောင်တောမြို့ သီရိမင်္ဂလာမြို့တော်ခန်းမတွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများ တိုးလာနေသဖြင့် Mask မတပ်ဘဲ အပြင်ထွက်လျှင် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမိန့်တစ်ရပ်ကို ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ထားပြီး Mask မတပ်ဘဲ အပြင်ထွက်သူများကို ရပ်ကွက်နှင့်ကျေးရွာအလိုက် စောင့်ကြည့်ရေးအဖွဲ့များဖွဲ့ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ ၁၅၀ ခန့်အထိရှိလာပြီး ဇွန်လ ၂၈ ရက်နေ့က စစ်တွေမြို့မှ ဆီချိုရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။







