စစ်ကောင်စီလက်အောက်ရှိသော ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကောင်စီလက်အောက်ရှိသော ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်သွားလမ်း ကပ်မှော်ကျေးရွာနှင့် ၂ မိုင်ခန့်ဝေးသည့် တံတားညီနောင်အနီးတွင်ရှိသော မကော့လယန်ခေါ် (Makaw La Yang) နေရာတွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်ရှိသော ရဲသား ၃ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

ယမန်နေ့ ဇွန်လ ၃၀ ရက် ညနေပိုင်း ၄ နာရီဝန်ကျင်ခန့်တွင် ဖားကန့်ဘက်သို့တက်လာသော ကားတစ်စီးကို KIA က ဝင်ရောက်စစ်ဆေးခဲ့ရာ အရပ်ဝတ်ဖြင့် ရဲ ၃ ဦးကို ဖမ်းမိသဖြင့် KIA ရှိရာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။

“KIA က ပုံမှန်တော့မစစ်ဘူး။ တစ်ခါတစ်လေမှ ထွက်ပြီးစစ်လေ့ရှိတာ ဟုတ်တယ်။ မနေ့ကတော့ စစ်ဆေးကြည့်တော့ ရဲ ၃ ယောက်ပါတဲ့ကားကို စစ်မိလိုက်တာဖြစ်တယ်။ ရဲတွေက အရပ်ဝတ်တွေနဲ့ဖြစ်တယ်လို့ကြားတယ်။ KIA က ရဲမှန်းသိသွားတော့ ဖမ်းခေါ်သွားတယ်တဲ့” ဟု ပြောဆိုသည်။

ဖမ်းဆီးခံရသည့် ရဲ ၃ ဦးတွင် သေနတ် ၃ လက်အပါအဝင် လက်လုပ်မိုင်းတစ်ချို့လည်းကို ကားပေါ်မှာ တွေ့ရှိခဲ့သည့်အတွက် အဆိုပါပစ္စည်းမျာကိုလည်း KIA က သိမ်းယူသွားကြောင်း သိရသည်။

KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရဲ ၃ ဦးမှာ ဖားကန့်လုံးခင်းရဲစခန်းတွင် တာဝန်ကျနေသောသူများဖြစ်ကြောင်း နောက်ထပ် တိကျသောသတင်းအရင်းအမြစ်ထံမှ သိရပါသည်။

“ဖမ်းခံရတဲ့ ရဲက ၃ ယောက်တဲ့။ အားလုံးက ဒီ ဖားကန့် လုံခင်းရဲစခန်းက ဟုတ်တယ်လို့ကြားတယ်။ ဘယ်သူဖြစ်တယ်ဆိုတာက ကျနော်တို့ အသေးစိတ်စုံစမ်းလို့မရပါဘူး။ ကျနော်တို့အချင်းချင်း လှမ်းပြောပြရင်းနဲ့ သိသွားတာဘဲရှိတယ်” ဟု ပြောဆိုသည်။

ထို့သို့ KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် ယနေ့ နံနက်ပိုင်းတွင် နန့်ယားကျေးရွာအခြေစိုက် အာဏာသိမ်းစစ်တပ်ကုန်းမှ KIA ရှိရာဘက်သို့ လက်နက်ကြီးများ ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း နန့်ယားဒေသခံတစ်ဦးထံမှ သိရသည်။

ရဲ ၃ ဦးကို ဖားကန့်လမ်းအနီးတလျှောက်တွင်ရှိသော KIA တပ်ရင်း ၄၄ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 
 

 

 

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...