မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွါးနေသော အခြေအနေများနှင့်ပတ်သက်ပြီး ရာမည ဖက်ဒရယ်ဒီမိုကရက်တစ်ကော်မတီက ဒီကနေ့မှာ သဘောထားကြေငြာချက်တရပ် ထုတ်ပြန်ခဲ့သည်။
အများပြည်သူတို့၏ တော်လှန်ရေးသည် စစ်အာဏာသိမ်းမှုကိုသာ တော်လှန်ရုံသပ်သပ်မဟုတ်ဘဲ မညီမျှမှုအားလုံးကိုပါ တော်လှန်နေခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
CRPH/NUG အနေနဲ့ လက်ရှိနိုင်ငံရေးအကြပ်အတည်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမပါဝင်ဘဲ ကျော်ဖြတ်လို့မရနိုင်ကြောင်းနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင်လည်း တစုတဖွဲ့က အာဏာမြင့်မားမနေသင့်ဘဲ ပါဝင်သောအစုအဖွဲ့တိုင်း တန်းတူညီမျှမှုရှိရမည်ဟုလည်း သဘောထားကြေငြာချက်တွင် ဖော်ပြထားသည်။
“လက်ရှိ CRPH ကနေ NUCC ကို ကနဦးဖွဲ့စည်းပြီး၊ အဲ့သည်ကနေမှ NUG ကို ဆက်ဖွဲ့စည်းခဲ့ပါတယ်။ တစ်နိုင်ငံလုံးက စစ်အာဏာရှင်ကြောင့် အုံကြွလာပေမယ့် တကယ်တော့ ဒီအာဏာသိမ်းတာကို တုန့်ပြန်ရုံလောက် တော်လှန်လို့လည်း မရပါဘူး။ CRPH က အနိုင်ရကိုယ်စားလှယ်တွေ စုပေါင်းပေမယ့် ရွေးကောက်ပွဲ မလုပ်ခဲ့ရတဲ့နေရာတွေ၊ သူ့နေရာနဲ့သူ ထောက်ခံသူတွေရှိ၊ တော်လှန်ရေးအစုဖွဲ့တွေ၊ ၂၀၀၈ ကို အစတည်းက လက်မခံခဲ့တဲ့သူတွေဆီက Mandate ကိုပါ အပြည့်အဝရတယ်လို့ မဆိုနိုင်ပါဘူး။ နှစ်ပေါင်းများစွာ တော်လှန်ခဲ့တဲ့ တန်းတူညီမျှမှုအတွက် ညီညီညွတ်ညွတ်ပူးပေါင်းဖို့ လိုပါတယ်။ ဒီအတွက်ကြောင့် NUCC ရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုပြီးအားကောင်းဖို့လိုသလို၊ NUCC က အားလုံးပါဝင်ဖို့ လမ်းကြောင်းဖြစ်ပါတယ်။ ကျောင်းသားပြည်သူ တိုင်းရင်းသားအားလုံး တနိုင်ငံလုံးပါဝင်နိုင်ဖို့အတွက် ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းမှရမှာမို့ NUCC ဟာ အမြင့်ဆုံးအာဏာရှိဖို့လိုတယ်လို့ RFDC က သဘောတူညီချက် ချမှတ်ကြတာဖြစ်ပါတယ်” လို့ RFDC တာဝန်ခံ ကိုမင်းသီဟက သံလွင်တိုင်းမ်ကို ပြောသည်။
အမျိုးသားညီညွတ်ရေးကို အခြေခံကာဖွဲ့စည်းမည့် NUCC ကိုလည်း အမြင့်ဆုံးအာဏာပေးအပ်ရန်လည်း RFDC က တောင်းဆိုထားသည်။








