မော်လမြိုင်တက္ကသိုလ်အတွင်းရှိ ရုံးဝန်ထမ်းနှင့် အဆောင်နေကျောင်းသူတို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသော်လည်း စစ်အုပ်စုထိန်းချုပ်ခံ မော်လမြိုင်တက္ကသိုလ် တာဝန်ရှိသူများမှ သတင်းအမှောင်ချထားသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရက မော်လမြိုင်တက္ကသိုလ် ကြားကာလယာယီတက္ကသိုလ်ကောင်စီက တိုင်ကြားစာပေးပို့လိုက်ပါတယ်။
ဇွန်လ (၁၃) ရက်နေ့တွင် တက္ကသိုလ်ရုံးဝန်ထမ်း (၃) ဦး ရောဂါကူးစက်ခံရခြင်း၊ ဇွန်လ (၁၇) ရက်နေ့တွင် အဆောင်နေကျောင်းသူ နေမကောင်းဖြစ်နေသည်ကို နေအိမ်ပြန်ခွင့်ပြုခဲ့ပြီး သတင်းအမှောင်ချခြင်းကြောင့် နောက်ဆက်တွဲတွင် အဆောင်နေကျောင်းသူ (၄၀) ဦးအထိ ကိုဗစ်ရောဂါကူးစက်ခံနေရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
"အဓိကကတော့ စီမံခန့်ခွဲမှုတွေ လွဲများနေတာပေါ့။ စစ်ကောင်စီကြားနဲ့ စစ်ဩဇာခံပါမောက္ခဆိုသူများရဲ့ စီမံမှုအလွဲမှားတွေကြောင့် ကျွန်တော်တို့ကျောင်းသား/သူတွေ မြေဇာပင်ဖြစ်နေရတယ်ဆိုတာကို သိစေချင်တာပါ" ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ မင်းသံစဉ်ဦးက ပြောပါတယ်။
ယင်းအဆောင်နေကျောင်းသူနည်းတူ ကျောင်းတွင်းရှိ ရုံးဝန်ထမ်းနှစ်ဦးနှင့် ဘူမိဗေဒပါမောက္ခ၏ တစ်နှစ်အရွယ်သားထံတွင်လည်း ရောဂါပိုးကူးစက်ခံနေရသည်။
ယင်းသို့ တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုရှိနေသော်လည်း ကျောင်းဆက်လက်ဖွင့်ထားခြင်း၊ စာမေးပွဲဖြေခိုင်းခြင်းများရှိနေပြီး ကျောင်းတက်နေသော ကျောင်းသူ/ကျောင်းသားများမှာလည်း နေရပ်သို့ သွားလာခြင်းများရှိနေသည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။
ယင်းအခြေအနေအပေါ် မော်လမြိုင်တက္ကသိုလ်ဆရာများသမဂ္ဂက ရှုံ့ချကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့သည်။
မွန်ပြည်နယ်တွင် တကျော့ပြန် ကိုဗစ်ရောဂါကူးစက်ခံရမှု ပြန်လည်မြင့်တက်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းတွေက ပြည်သူ (၅) ဦးမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့သလို မော်လမြိုင်တက္ကသိုလ်အတွင်းက စာမေးပွဲဖြေဆိုနေသည့် ကျောင်းသူ (၂၀) ဦးမှာလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပါတယ်။









