ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား

ဒေါ့ဖုန်းယန်မြို့ပြင် ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်း အများအပြားထောင်ထား

ဗန်းမော်-လိုင်ဇာ ကားလမ်းမပေါ်ရှိ ဒေါ့ဖုန်းယန်မြို့၏ ၂ မိုင်ပတ်လည်တွင် အာဏာသိမ်းစစ်တပ်က မြေမြုပ်မိုင်းထောင်ထားလိုက်သဖြင့် မြို့ပြင်ဘက်တွင် အသက်မွေးဝမ်းကြောင်းလုပ်ငန်း လုပ်ကိုင်နေကြသော ပြည်သူများအတွက် အသက်အန္တရယ်စိုးရိမ်နေရကြောင်း သိရသည်။

ကဂမ်၊ တံတားညီးနောင် စသောနေရာများတွင် မြေမြုပ်မိုင်းအများအပြား ထောင်လိုက်သဖြင့် တောင်ယာလုပ်ကိုင်စားသောက်ရန် ခက်ခဲနေကြောင်း အမည်မဖော်လိုသူ ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ကျနော်ပြောတဲ့ နေရာပတ်ပတ်လည်လည် အကုန်လုံးမှာ စစ်တပ်က မြေမြှုပ်မိုင်းတွေ အများကြီးထောင်ထားတယ်။ အခု အခင်းတောင်ယာ လုပ်ထားတဲ့ ဒေသခံတွေတောင် ဘယ်မှသွားလာလို့မရတော့ဘူး။ သွားပြီဆိုရင် သူတို့ထောင်ထားတဲ့မိုင်း နင်းမိမှာဘဲ။ အခုတောင် သူတို့ထောင်ထားတဲ့ မိုင်းနင်းမိပြီး ဒဏ်ရာရတဲ့သူတွေ ရှိနေပြီ” ဟု ပြောဆိုသည်။

ဇွန်လ ၁၅ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့ ကဂမ် ရပ်ကွက် (၃) တွင်နေထိုင်သော လင်မယား ၂ ဦးက သာလီကုန်းဘက်တွင် တောင်ယာလုပ်ငန်းသွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် စစ်တပ်၏ မိုင်းနင်းမိသဖြင့် အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သူက ဆက်လက်ပြောဆိုသည်။

“မနေ့က ၁၁ နာရီလောက်မှာ ဖြစ်တယ်လို့သိရတယ်။ သူတို့နှစ်ယောက်က တောင်ယာကနေပြန်လာတာ လမ်းမှာ မိုင်းနင်းမိပေါက်ကွဲသွားတယ်။ သူ့ရဲ့အမျိုးသားက ဘာမှမဖြစ်ဘူး။ အမျိုးသမီးက ခြေထောက်ဒဏ်ရာပြင်းထန်တယ်” ဟု ပြောဆိုသည်။

ကျေးရွာအနီးတဝိုက်တွင် မြေမြုပ်မိုင်းထောင်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်တပ်က ဒေသခံများကို တရားဝင် သတိပေးကြေညာခြင်းများမလုပ်ထားကြောင်း ဒေသခံများက ပြောသည်။

ဒေါ့ဖုန်းယန်မြို့တွင် အာဏာသိမ်းစစ်တပ် ခလရ ၁၄၂ အခြေစိုက်ပြီး၊ လက်ရှိတွင်လည်း ဗန်းမော်၊ မြို့သစ်၊ နွမ်းလန့်ဘက်မှ ဒေါ့ဖုန်းယန်ဘက်သို့ စစ်အင်အားတိုးချဲ့မှုများရှိနေကြောင်း သိရသည်။

အဆိုပါ တပ်စခန်းများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗဟိုဌာနချုပ်နယ်မြေ အလော့ဘွမ်နှင့် နီးကပ်စွာရှိနေသော စစ်တပ်စခန်းများဖြစ်သည်။

 
 

 

 

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...