တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့အပ်

တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့အပ်

တနိုင်းမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ ဖြင့် အရေးယူရန် ရဲစခန်းသို့ လွဲပြောင်းထားကြောင်း သိရသည်။

KIA တပ်မဟာ ၂ နယ်မြေမှထွက်လာသော လူငယ် ၂၉ ဦးမှာ မေလ ၁၅ ရက်နေ့ တနိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီးနောက် စစ်တပ်က တစ်လကြာ စစ်ဆေးပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် တရားစွဲဆိုရန် ရဲတပ်ဖွဲ့သို့ အပ်လိုက်သည်ကိုသိရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများထံမှ သိရသည်။

“ဖမ်းဆီးခံရတဲ့ လူငယ် ၂၉ ဦးကို စစ်တပ်က တရားစွဲဖို့ ရဲကို အမှုအပ်လိုက်တာက သေချာပြီ။ မနေ့က လွှဲပြောင်းလိုက်တယ်လို့သိရတယ်။ ကျနော်တို့လည်း ကျန်တာအသေးစိတ်မသိရသေးဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုရန် ရဲစခန်းသို့ အမှုလွှဲပြောင်းထားသည်ဟု ကြားသိရသော်လည်း လူငယ်များကို စစ်တပ်အတွင်းမှ ရဲစခန်းသို့ ရွှေ့ပြောင်းထားခြင်း ရှိ/မရှိကို သေချာမသိရသေးကြောင်း သူကဆက်ဆိုသည်။

လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသော ‘ဖမ်းဆီးစစ်ဆေးနေချိန်တွင် ရိုက်နက်ခံရမှုကြောင့် လူငယ် ၂၉ အနက် ၈ ဦးသေဆုံးသွားပြီ’ ဟူသောသတင်းမှာ မဟုတ်မမှန်ကြောင်း သူကပြောဆိုသည်။

အဆိုပါလူငယ် ၂၉ ဦးမှာ တနိုင်း-လီဒိုလမ်းမပေါ်ရှိ နောင်းမီနှင့် ဝါရာဇွပ်ကျေးရွာမှ လူငယ်များဖြစ်ကြပြီး နောင်းမီကျေးရွာမှ ၂၅ ဦးနှင့် ဝါရာဇွပ်ကျေးရွာမှ ၄ ဦးဖြစ်ကာ အများစုမှာ အသက် ၁၈ နှစ်အောက်လူငယ်များ ဖြစ်ကြသည်။

“ကျမတို့ မိခင် ၅ ယောက်က သား/မီးတွေနဲ့ တွေ့ချင်လို့ တက်လာတာ ၁ ပတ်လောက်ရှိပြီ။ သက်ဆိုင်ရာလူကြီးတွေနဲ့ အကူအညီတောင်းပြီးတွေ့ခွင့်တောင်းပေမယ့် မရဘူး။ စခန်းအထဲကိုတောင် မဝင်ခိုင်းဘူး။ ဘယ်လိုနေရာမှာ ဖမ်းဆီးထားမှန်း မသိဘူး။ တစ်ချို့က စစ်သားတွေ ရိုက်နက်ပေးလို့ ဆုံးသွားပြီလို့ပြောကြတယ်။ ကျမတို့အရမ်းစိုးရိမ်နေရတယ်” ဟု ဖမ်းဆီးခံရသော အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက KNG ကို ပြောဆိုခဲ့သည်။

ဖမ်းဆီးခံရစဉ်အချိန်ကစပြီး ယနေ့အချိန်ထိ သား၊ သမီးများကို တွေ့ဆုံခွင့်မရသေးကြောင်း မိဘများက ပြောဆိုနေကြသည်။

တနိုင်းဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ဒေသဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဖြင့် စစ်ရေးတင်းမာနေသော နေရာဖြစ်သည်။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...