ရေကာတာစီမံကိန်းများ အပြီးတိုင်ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများတောင်းဆို

ရေကာတာစီမံကိန်းများ အပြီးတိုင်ရပ်ဆိုင်းပြီး တရုတ် SPIC ကုမ္ပဏီထွက်ခွာသွားရန် ကချင်ဒေသခံများတောင်းဆို

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် မြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်းရှိ ရေကာတာစီမံကိန်းများအားလုံး ဖျက်သိမ်းပေးပြီး တရုတ် SPIC/CPI ကုမ္ပဏီများအနေဖြင့် မြန်မာပြည်မှ အပြီးတိုင်ထွက်သွားရန် ဒေသခံများက ယနေ့ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြသည်။

ယနေ့ မေလ ၂၅ ရက်နေ့ မြစ်ကြီးနားနှင့် ချီဖွေဒေသခံများက စီမံကိန်းဒေသတွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အပြင် မြစ်ကြီးနား၊ စီတာပူရပ်ကွက်ရှိ SPIC/CPI ကုမ္ပဏီကိုလည်း အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်း သိရသည်။

“ကျမတို့ လုံးဝမကျေနပ်ဘူး။ အဲ့တာကြောင့် ဘာပဲဖြစ်ဖြစ် ကျမတို့ရွာဟောင်းကို ကျမတို့ ပြန်ချင်တယ်။ ဒီစီမံကိန်းလုပ်လိုက်ခြင်းကြောင့် ကြီးမားတဲ့ပြဿနာက အမျိုးသမီးတွေမှာဖြစ်ခဲ့တယ်။ စားဝတ်နေရေးကအစ၊ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ အဲ့တာကြောင့် စီမံကိန်းကို လုံးဝ အလိုမရှိဘူး။ သူတို့ အပြီးပိုင်ထွက်သွားတာပဲလိုချင်တယ်။ သူတို့က အခု ယာယီဘဲရပ်ဆိုင်းနေတာ ဘာမှမထူးဘဲ။ ဘယ်အတိုင်းအတာထိ ရပ်ဆိုင်းနေမှာလဲ။ ဒီလိုရပ်ဆိုင်းတယ်ဆိုတာကို ကျမတို့က မလိုချင်ဘူး။ အဲ့ကြောင့် ခုလို ဆန္ဒထုတ်ဖော်တာ” ဟု အမည်မဖော်လိုသူ မြစ်ဆုံဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းသည့်ကာလဖြစ်သောကြောင့် စီမံကိန်းဆန့်ကျင်သည့် ဒေသခံများက ၎င်းတို့ မည်သူမည်ဝါဖြစ်ကြောင်းကိုဖော်ပြရန် ငြင်းဆိုထားသည်။

ထို့ကြောင့် ချီဖွေ ဒေသခံများက လူမဲ့သပိတ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

မြစ်ကြီးနား မြစ်ဆုံဒေသခံများ၏ ဆန္ဒဖော်ထုတ်ရာတွင် ကြွေးကြော်သံများမှာ ‘မြစ်ဆုံ၊ မြစ်ညှာ၊ မြစ်ဝှမ်း ရေကာတာစီမံကိန်းများ အပြီးအပိုင်ဖျက်သိမ်းရေး၊ ဒေသခံပြည်သူများ မူလနေရပ်သို့ လွတ်လပ်စွာ နေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ် ထာဝရ လွတ်လပ်စွာစီးဆင်းရေး၊ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမည့်ရေကာတာ အလိုမရှိ၊ ပြည်သူ့ဆန္ဒလုံးဝမပါသော စီမံကိန်းအားလုံး အလိုမရှိ၊ မြန်မာနိုင်ငံ၏အသက်သွေးကြော ဧရာဝတီမြစ်ကို ရေကာတာဆောက်လုပ်ခြင်း အလိုမရှိ’ စသည်တို့ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် ယာယီရပ်ဆိုင်းခဲ့သော်လည်း ယနေ့ချိန်ထိ စီမံကိန်း အချိန်မရွေး ပြန်လည်စတင်နိုင်သော အခြေအနေရှိသောကြောင့် စီမံကိန်းလုပ်ဆောင်မည့် တရုတ်ကုမ္ပဏီများကိုသာထွက်သွားရန် ဒေသခံများက လိုလားနေကြသည်။

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...