နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသောသတင်းကြောင့် ချီဖွေစစ်ရှောင်များ စိုးရိမ်နေ

နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသောသတင်းကြောင့် ချီဖွေစစ်ရှောင်များ စိုးရိမ်နေ

ချီဖွေမြို့ရှိ စစ်ရှောင်များသည် နေရပ်ပြန်ရန်စီစဉ်နေသော်လည်း နေရပ်ပြန်ရောက်လျှင် ပြည်သူ့စစ်လုပ်ရမည်ဆိုသည့်အချက်ကြောင့် စိုးရိမ်ပူပန်မှုရှိနေကြသည်။

ချီဖွေမြို့မှ ၈ မိုင်ခန့်ဝေးသည့် ဂျိတ်လွယ်၊ ရစ်ဂျော်နှင့် နဘုတ် စသောကျေးရွာများမှ ပြည်သူများသည် လက်ရှိ ချီဖွေမြို့ပေါ်တွင် စစ်ရှောင်နေကြရပြီး ၎င်းတို့ နေရပ်ပြန်ရန်အတွက် နေအိမ်များ ဆောက်လုပ်နေပြီဖြစ်သည်။

သို့သော် ကျေးရွာပြန်ရောက်လျှင် တစ်အိမ်ထောင်တစ်ယောက် ပြည်သူ့စစ်တာဝန်ထမ်းဆောင်ရမည်ဟု ဦးဘောမ်လန်းဦးဆောင်သော ဒေသအခြေစိုက် ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

“တကယ်လို့ နေရပ်ပြန်ရင် တစ်အိမ်မှာတစ်ယောက်က မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်တဲ့။ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်က ကြေညာထားတယ်။ ကျနော်တို့က အိမ်အရမ်းပြန်ချင်တယ်။ အိမ်ပြန်ရင်လည်း ပြည်သူ့စစ်က ပြန်မလုပ်ချင်ဘူး။ မပြန်ရင်လည်း ကျနော်တို့ပဲ နစ်နာဆုံးရှုံးမယ်။ အင်မတန်ခက်ခဲနေရပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပြည်သူ့စစ်အဖွဲ့များသည် ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းစစ်တပ်အောက်သစ္စာခံရသော လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

ချီဖွေ၊ ဆော့လော်၊ ပန်ဝါစသည့်ဒေသများသည် မြေရှားသတ္တုတူးဖော်သောနေရာဖြစ်သောကြောင့် စစ်ရှောင်များအနေဖြင့် နေရပ်မပြန်ပါက ၎င်းတို့၏ မြေယာများ ဆုံးရှုံးသွားမည်ကို တွေးပူနေကြသည်။

“အဓိကတော့ တောင်ယာ လုပ်ကိုင်စားသောက်ကြတယ်။ သူတို့အနီးတစ်ဝိုက်မှာတော့ မြေရှာတူးတာတွေရောက်လာကြပြီ။ အဲဒါကြောင့် သူတို့မပြန်ရင် သူတို့မြေပျောက်မယ်၊ ပြန်ရင်လည်း ပြည်သူ့စစ်လုပ်ရမယ်၊ အဲလိုဖြစ်နေတယ်” ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

နေရပ်ပြန်ရန်စီစဉ်နေသည့် ကျေးရွာ ၃ ခုအနက် ဂျိတ်လွယ်ကျေးရွာစစ်ရှောင် အိမ်ထောင်စု ၃၀ အတွက် နေအိမ်ဆောက်လုပ်ပြီးစီးပြီဖြစ်သောကြောင့် မေလ ၂၀ ရက်နေ့တွင် ဆုတောင်းပွဲပြုလုပ်တော့မည်ဖြစ်ကြောင်း စခန်းတာဝန်ခံများထံမှ သိရသည်။

သို့သော် ကျန်သည့် ရစ်ဂျော်နှင့် နဘုတ်စစ်ရှောင်များအတွက် နေအိမ်ဆောက်လုပ်ဆဲဖြစ်သောကြောင့် လာမည့်မိုးတွင်းကာလမှသာ နေရပ်ပြန်နိုင်မည်ဖြစ်သည်။

April 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဈေးသည် ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့သိရပြီး...
April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...