ရွှေကူ CDM ပညာရေးဝန်ထမ်းများ ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူး ဖိအားပေးခြိမ်းခြောက်နေ

ရွှေကူ CDM ပညာရေးဝန်ထမ်းများ ရုံးပြန်တက်ရန် မြို့နယ်ပညာရေးမှူး ဖိအားပေးခြိမ်းခြောက်နေ

ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် လူထုအာဏာဖီဆန်မှု CDM ပြုလုပ်သော ပညာရေးဝန်ထမ်းများကို မြို့နယ်ပညာရေးမှူးက ဖိအားပေး ခြိမ်းခြောက်ကာ ဝန်ခံကတိလက်မှတ်ထိုးခြင်းဖြင့် ရုံးတက်ရန်စေခိုင်းနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါလုပ်ရပ်ကို ဆန့်ကျင်သည့် ပညာရေးဝန်ထမ်း ၄၀၀ ကျော်က CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော်လည်း မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေ၏ ခြိမ်းခြောက်ဖိအားပေးမှုကြောင့် CDM ပြုလုပ်သည့် ဆရာ/မ ၁၀၀ ကျော်ခန့်သာ ကျန်ရှိတော့ကြောင်း လက်ရှိချိန်ထိ CDM ပြုလုပ်နေသော ဆရာမတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောဆိုခဲ့သည်။

“ပညာရေးနဲ့ပတ်သက်ပြီး CDM ပြုလုပ်တဲ့ ဝန်ထမ်းတွေ ၄၀၀ ကျော်လောက်ရှိထားတယ်။ အခုက ပညာရေးမှူးက ချော့လိုက် ခြိမ်းခြောက်လိုက် ရာထူးတိုးတဲ့စာတွေနဲ့ မျှားခေါ်လိုက်နဲ့လုပ်နေတယ်။ နောက်ဆုံးအိမ်အထိသွားပြီး ဖိအားလိုက်ပေးနေပြီ။ ဆရာမတို့ ဝန်ထမ်းတွေက အလုပ်ပြုတ်ရင်ပြုတ်သွားပါစေ။ ဒါပေမယ့် ဖမ်းဝရမ်းထုတ်ပြီး ထောင်ထဲပို့မှာကကြောက်တယ်။ အခုပိုဆိုးတာက တစ်အိမ်တက်တစ်အိမ်ဆင်းပြီး CDM မပြုလုပ်ကြောင်း လက်မှတ်လာထိုး။ မထိုးဘူးဆိုရင် ရဲနဲ့စစ်သားတွေကို ခေါ်ပြီး ဖမ်းဝရမ်းထုတ်မယ်လို့ ဆရာမတွေကို သူကိုယ်တိုင်ပြောနေတယ်” ဟု ပြောဆိုသည်။

ပညာရေးဝန်ထမ်း ထက်ဝက်ခန့်က CDM မပြုလုပ်ကြောင်း ပညာရေးမှူး ဦးအောင်ဆွေက စစ်ကောင်စီကို တင်ပြထားသဖြင့် အဆိုပါအရေအတွက် မပြည့်မချင်း ဆွဲခေါ် နေသော လုပ်ရပ်ဖြစ်သည်ဟု သူက ဆက်ဆိုသည်။

မြို့နယ် ပညာရေးမှူး ဦးအောင်ဆွေက ဖမ်းဝရမ်းထုတ်ခိုင်းမည်ဟုဆိုကာ ခြိမ်းခြောက်မူကြောင့် CDM ပြုလုပ်သော အများစုက လုပ်ငန်းခွင်သို့ ပြန်ဝင်ရန် စီစဉ်နေသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ယခုနှစ်ပညာရေးကျောင်းကို ပြန်ဖွင့်တော့မည်ဟုပြောဆိုထားသော်လည်း ကျောင်းသားနှင့် မိဘများကမူ လူသတ်သမားများ သင်ပေးသော ပညာရေးစနစ်ကို မလိုလားကြောင်း ဆန္ဒဖော်ထုတ်မှုများ ရှိနေသည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...