ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဖွင့်လှစ် ၊ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိ

ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဖွင့်လှစ် ၊ ငွေထုတ်ဖို့ စောင့်ဆိုင်းနေသူ ရာနှင့်ချီ ရှိ

မော်လမြိုင်မြို့က KBZ ၊ CB နှင့် ဧရာဝတီ ဘဏ်ခွဲတချို့ ပြန်လည် ဖွင့်လှစ်နေတာဖြစ်ပြီး ငွေလာထုတ်သူတွေက ရာနှင့်ချီ ရှိနေပါတယ်။

ဘဏ်တွေက ငွေထုတ်ပေးရာမှာ အလှည့်ကျတိုကင်စနစ်နဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် ငွေလာထုတ်သူတွေက နာရီနှင့်ချီ စောင့်ဆိုင်းရတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

ဒါကြောင့် အချို့ပြည်သူတွေက အရင်ဦးဆုံးငွေထုတ်ခွင့်ရဖို့အတွက် မနက် (၄)နာရီကျော်ကတည်းက တန်းစီစောင့်ဆိုင်းတာတွေကို လုပ်ဆောင်နေပါတယ်။

“ပိုက်ဆံထုတ်ဖို့ ခဏခဏ လာရတယ်။ ပြီးခဲ့တဲ့ အပတ်က မရလိုက်ဘူး။ အခု ကျွန်တော်ဆို မနက်က ၆နာရီ ထလာတယ်။ ကျွန်တော်ရှေ့က အမကြီးဆို မနက် ၄နာရီခွဲထဲက လာစောင့်နေတာတဲ့။ ကျွန်တော်တို့အဖြစ်ကဗျာ ကိုယ့်ပိုက်ဆံကိုယ်ထုတ်ဖို့တောင် တော်တော်ပင်ပန်းခံနေရတယ်”လို့ ဧရာဝတီဘဏ်မှာ ပိုက်ဆံထုတ်ဖို့ စောင့်ဆိုင်းနေသူ တစ်ဦးက ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်တွေ ရပ်နားထားရတာနှင့်အတူ သင်္ကြန်ပိတ်ရက်တွေ နီးကပ်လာတာကြောင့် သုံးစွဲဖို့ ငွေထုတ်ယူနေတာဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

အလားတူ KBZ ဘဏ်ခွဲတွေမှာလည်း ငွေလာထုတ်သူ အမြောက်အများရှိပြီး နာရီနှင့်ချီ စောင့်ဆိုင်းနေရတဲ့အတွက် အဆင်မပြေဘူးလို့ ငွေထုတ်သူတွေက ပြောပါတယ်။

“မနက် ၆နာရီက လာစောင့်နေတာတောင် အမထက် ရှေ့မှာ ရောက်နေသူတွေက အများကြီးပဲ မသိရင် ပွဲတော်ကျနေတာပဲ။ Booking လုပ်ထားတာ ရဖို့ကလည်း တစ်ပတ်လောက်စောင့်လိုက်ရတယ်။ မလုပ်တတ်တာလည်းပါတာပေါ့နော်။ ဒီနေ့လည်း အမအလှည့်ရောက်မယ်တော့မထင်ဘူး။ အဲဒါကြောင့် မနက်ဖြန်မှပဲ  သွား‌တော့မယ်။ အမှန်တိုင်းပြောရင် ဒီကာလမှာကတော့ ဘာမှကို အဆင်မပြေဘူး။ အခုတွေ့တဲ့အတိုင်းပဲ အခက်အခဲတွေကတော့ အများကြီးပဲ”လို့ KBZ ဘဏ်ရှေ့ ငွေထုတ်ဖို့ စောင့်နေသူက ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီက မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားတဲ့အတွက် လူထုက မိုဘိုင်းဘဏ်စနစ်တွေကို အသုံးပြုဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ရပ်ကွက်အတွင်းက Kpay ၊ wavepay နှင့် အခြားမိုဘိုင်းဝန်ဆောင်မှုတွေကနေ အလွယ်တကူ ငွေသွင်းငွေထုတ် မလုပ်ရတော့ဘဲ ဘဏ်ရှေ့ ဒါမှမဟုတ် ATM ရှေ့မှာ ငွေထုတ်ဖို့ နာရီနှင့်ချီ စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...