ငွေထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့အတွက် အခက်တွေ့

ငွေထုတ်ယူခွင့် ပမာဏကို ကန့်သတ်ထားတဲ့အတွက် အခက်တွေ့

လူပုဂ္ဂိုလ်တွေ ဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို ထုတ်ယူရာမှာ ပမာဏတွေ ကန့်သတ်ထားတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။

လူတစ်ဦးဟာ ကိုယ်အပ်နှံထားတဲ့ ငွေကိုထုတ်ယူရာမှာ ATM စက်ကနေ တစ်ရက်ကို အများဆုံး (၅) သိန်း ၊ ဘဏ်ကိုသွားပြီး ငွေစာရင်းကနေ ထုတ်ယူမယ်ဆိုရင် တစ်ပတ်ကို အများဆုံး သိန်း (၂၀) သာ ထုတ်ခွင့်ရှိတယ်ဆိုပြီး စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ဗဟိုဘဏ်က မတ်လ (၁)ရက်နေ့ကတည်းက ကန့်သတ်လိုက်တာပါ။

ဒါပေမယ့် စီးပွားရေးဆိုင်ရာ ကုမ္ပဏီကြီးတွေ ၊ လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းကြီးတွေကိုတော့ တစ်ပတ်ကို အများဆုံး သိန်း (၂၀၀) အထိ ထုတ်ခွင့်ပေးထားပါတယ်။

အခုလို ငွေထုတ်တဲ့ ပမာဏတွေကို ကန့်သတ်ထားတဲ့အတွက် သာမာန်ပြည်သူတွေနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အခက်အခဲတွေနှင့် ရင်ဆိုင်လာရပါတယ်။

“ကျွန်မ ဆန်၊ စပါးရောင်းဝယ်ရေးလုပ်တယ်၊ ကုန်သည်ပေါ့၊ ရှိနေတဲ့ငွေအားလုံးကို ဘဏ်မှာပဲ အပ်ထားတာလေ၊ အခုလုပ်ငန်းလည်ပတ်တဲ့ချိန်ကျတော့ ငွေက လိုပြီးလေ သူတို့ပြောသလို တစ်ပတ်ကို သိန်း ၂၀ ဆိုတော့ ဘယ်လိုအဆင်ပြေမလဲရှင်၊ တခါရှင်းရင် ကျပ်သိန်း ၇၀၊ ၈၀ လောက်ရှိတယ်လေ၊ ဒီအချိန်မှာ ကျွန်မတို့အရမ်းခက်ခဲနေတယ်၊ ဒီအတိုင်းဆိုရင်တော့ ငွေလုံးငွေရင်းသုံးစွဲရတဲ့ လုပ်ငန်းတွေ လုံးဝကို အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြီး၊ ဒါကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဘယ်လိုဖြေရှင်းပေးမလဲ”လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မိုဘိုင်းအင်တာနက် ဖြတ်တောက်ထားတဲ့အတွက် သာမာန်ပြည်သူတွေဟာ mobile banking စနစ်တွေကို အသုံးပြုဖို့ အခက်အခဲတွေ ရှိနေပါတယ်။

ဒါ့ကြောင့် လူတစ်ဦးဟာ ငွေထုတ်ချင်တယ်ဆိုရင် ATM ရှေ့ ဒါမှမဟုတ် ဘဏ်ရှေ့တွေမှာ နာရီနှင့်ချီ စောင့်ဆိုင်းရတဲ့ ပြဿနာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သာမန်ပြည်သူတွေက ပြောပါတယ်။

“ပုံမှန်ဝင်ငွေမရှိလာတဲ့အခါကျတော့ ဘဏ်တွေမှာ စုဆောင်းထားတဲ့ ငွေကြေးတွေကို ပြန်ထုတ်ရတာပေါ့၊ ကိုယ်က တစ်ခါထုတ်ရင် သူများလို အများကြီးမထုတ်နိုင်ဘူးလေ၊ ရှိတာလေးကို ချွေတာသုံးဖို့ ထုတ်နေရတာပါ။တခါ‌တလေ သောင်းဂဏန်းပဲ ထုတ်တာပါ။ သွားထုတ်တော့လည်း ဘဏ်မှာက လူတိုးနေတာနဲ့ ATM မှာသွားထုတ်ရင်လည်း ကိုယ့်အလှည့်ရောက်ဖို့က မနက်သွားရင် ညနေမှ ထုတ်ရတာ၊ တခါတလေ ကိုယ့်အလှည့်ရမှ စက်ထဲငွေကုန်တာနဲ့ အရမ်းကို အဆင်မပြေပါဘူး၊ တခြားနည်းလမ်းနဲ့ ထုတ်ဖို့ကလည်း အင်တာနက်လည်း ဖြတ်ထားတော့ ဘာမှလုပ်မရ၊ လူတိုင်းပါပဲ အဆင်မပြေကြဘူး”လို့ ဦးမြင့်ဦးက သူ့ရဲ့အခက်အခဲကို ပြောပြပါတယ်။

လက်ရှိအချိန်ထိ အင်တာနက် ဖြတ်တောက်ထားမှုနှင့်အတူ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ရပ်နားထားတဲ့အတွက် ပြည်တွင်းစီးပွားရေးစျေးကွက်ကတော့ ရပ်ဆိုင်းလုနီးပါး ကမောက်ကမတွေ ဖြစ်နေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...